နယူးယောက်မြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ဟာ လုပ်ငန်းတာဝန်ပြီးဆုံးသွားလို့ အစီအစဉ်အတိုင်း တရုတ်နိုင်ငံကို ပြန်သွားတာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒါဟာ နယူးယောက် ပြည်နယ်အုပ်ချုပ်ရေးမှူး ကာသီ ဟိုချူးလ်က သူလျှိုအရေးနဲ့ ပတ်သက်ပြီး တရုတ်ကောင်စစ် ဝန်ချုပ်ကို နိုင်ငံကနေ နှင်ထုတ်ဖို့ ပန်ကြားခဲ့တဲ့နောက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကနေ အခု လို ရှင်းလင်းပြောဆိုလာတာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သယူး မီလာကလည်း တရုတ် ကောင်စစ်ဝန်ချုပ် ဟွမ်ပင်း နေရပ်ပြန်တာဟာ နိုင်ငံကနေ နှင်ထုတ်ခံရလို့ မဟုတ်ဘူးလို့ ဝန်ကြီးဌာနရဲ့ ပုံမှန် နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟိုချူးလ်ရဲ့ ရုံးအဖွဲ့မှူးဟောင်းဖြစ်သူ လင်ဒါ ဆွန်း အသက်(၄၁)နှစ်ဟာ တရုတ်နိုင်ငံအတွက် သူလျှို့လုပ်ခဲ့တယ်ဆိုပြီး အမေရိကန်အစိုးရရှေ့နေတွေက စွဲချက်တင် တရားစွဲဆိုခဲ့ပါတယ်။
လင်ဒါ ဆွန်းနဲ့ သူ့ခင်ပွန်း ခရစ္စတိုဖာ ဟူတို့ဟာ အဲဒီသူလျှိုအဖြစ် ဆောင်ရွက်မှုကနေ ရရှိလာတဲ့ လာဘ်ငွေတွေနဲ့ အိမ်ခြံမြေတွေ၊ တန်ဖိုးကြီး ဇိမ်ခံကားတွေကို ဝယ်ယူခဲ့တယ်ုလို့ စွဲချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစွဲချက်တွေကို ဆွန်းနဲ့ဟူ တို့က ဘရွတ်ကလင်း ဖယ်ဒရယ် တရားရုံးမှာ အင်္ဂါနေ့က သွားရောက်ပြီး အပြစ်မရှိကြောင်း လျှောက်လဲထားကြပါတယ်။