အကျင့်ပျက်ခြစားမှုအတွက် စုံစမ်းစစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် ပထမဆုံးအဖြစ် တရုတ်ကာကွယ်ရေးဝန်ကြီး ဒုန်ယွန်ကို လူမြင်ကွင်းမှာ ပြန်လည်တွေ့မြင်လာရပါတယ်။

ဒုန်ယွန်ဟာ ရှန်ဟိုင်းမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အာဖရိကတိုက် ဂီနီပင်လယ်ကွေ့ဆိုင်ရာ လုံခြုံရေးဖိုရမ်တစ်ခုကို တက်ရောက်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ကြာသပတေးနေ့မှာ ဖော်ပြပါတယ်။ ဒုန်ဟာ အဲဒီအစည်းအဝေးမှာ ဖိုရမ် ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဂီနီပင်လယ်ကွေ့ဒေသမှာ လုံခြုံရေး ထိန်းသိမ်းဖို့အတွက် ဒေသတွင်းနိုင်ငံတွေက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးတွဲအလုပ်လုပ်လိုတဲ့ ဆန္ဒရှိကြောင်း သတင်းစကားပါးခဲ့တယ်လို့ ဆင်ဟွာက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၇)ရက်က Financial Times သတင်း က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ ရေတပ်ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဒုန်ယွန်ဟာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုတွေအတွင်း စစ်ဆေးခံနေရတယ်လို့လည်း သတင်းဖော်ပြခဲ့ပါတယ်။

Financial Times ရဲ့ သတင်းဖော်ပြချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မော်နင် က အထင်အမြင်သက်သက်နဲ့ ပြောတဲ့ သတင်းအဖြစ် ပယ်ချခဲ့ပါတယ်။ အဲဒီနောက် ရက်ပိုင်းအကြာမှာ ကာကွယ်ရေးဝန်ကြီး ဒုန်ယွန်ကို ရှန်ဟိုင်း လုံခြုံရေးဖိုရမ်မှာ ပထမဆုံးအကြိမ် ပြန်မြင်တွေ့ရတာဖြစ်ပါတယ်။