လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကိုပဲ ဆက်လက် ထောက်ခံကြောင်း တက္ကဆက်ပြည်နယ်က သေနတ်ဝါသနာအိုးတွေက ပြောဆိုကြပါတယ်။

မေလတုန်းက အမျိုးသားရိုင်ဖယ်အသင်း NRA ရဲ့ နှစ်စဉ်ကျင်းပမြဲ ခေါင်းဆောင်မှုညီလာခံကို ဒါးလတ်စ်မြို့မှာ ကျင်းပရာ သေနတ်ကိုင်သူတွေ မဲရုံကို သွားမဲပေးဖို့ ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန် ချမှတ်ထားတဲ့ သေနတ်စည်းမျဉ်းတွေကို ဖျက်သိမ်းဖို့လည်း ကတိပြုခဲ့ပါတယ်။ အမေရိကန်ရဲ့ ထိပ်တန်းသေနတ် အခွင့်အရေးအုပ်စုဖြစ်ပြီး သြဇာကြီးမားတဲ့ NRA က ထရမ့်ကို ဆက်လက် ထောက်ခံခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန် ရဲ့ မဲဆွယ်အဖွဲ့ကတော့ ထရမ့်ဟာ လူထုလုံခြုံရေးထက် သေနတ်သမားတွေရဲ့ ဆန္ဒကို ဦးစားပေးလုပ်ဆောင်နေ တယ်လို့ စွပ်စွဲခဲ့ပါတယ်။ မတ်လတုန်းက ရိုက်တာရဲ့ စစ်တမ်းတစ်ခုမှာ ဖြေဆိုသူ ၅၃ % က အစိုးရဟာ သေနတ် ပိုင်ဆိုင်မှုကို ထိန်းညှိသင့်တယ်လို့ ပြောဆိုကြပြီး ဖြေဆိုသူ ၃၈ % က သေနတ်ထိန်းညှိဖို့ သဘောမတူကြောင်း ပြောဆိုခဲ့ပါတယ်။

ရီပတ်ဘလီကန်တွေထဲမှာတော့ ၃၅ % ကသာ အစိုးရက သေနတ်နဲ့ပတ်သက်လို့ ပါဝင် လုပ်ဆောင်သင့်တယ်လို့ ပြောဆိုကြပါတယ်။