အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ(၆)ရက်နေ့ အဓိကရုဏ်းနဲ့ ဆက်စပ်တဲ့ အမှုပေါင်း(၁၆၀၀) လောက်ကို သမ္မတအုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်ပြီး အဆုံးသတ်လိုက်ပါတယ်။ အိမ်ဖြူတော်ကို တစ်ကျော့ ပြန် ရောက်ပြီးပြီးချင်း တနင်္လာနေ့မှာ ဇန်နဝါရီ(၆)ရက်နေ့ အဓိကရုဏ်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုထင်ရှား စီရင်ခံရသူ (၁၂၇၀)နီးပါးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာလိုက်တာပါ။

ဒါ့အပြင် စစ်ဆေးဆဲ အမှု(၃၀၀)ကိုလည်း ပယ်ဖျက်ဖို့ တရားရေးဌာနကို ညွှန်ကြားလိုက်ပြီး အဆိုးဆုံး ပုန်ကန်မှု ကျူးလွန်မှုနဲ့ စွဲချက် တင်ခံထားရသူ (၁၄)ယောက်ကိုလည်း လွှတ်ပေးဖို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒါဟာ ထရမ့်ရဲ့ အကြံပေးတွေနဲ့ ရီပတ်ဘလီကန် မဟာမိတ်တွေက မျှော်မှန်းထားတာထက်တောင် ကျော်လွန်နေတဲ့ လုပ်ဆောင်ချက်ဖြစ်နေ ပါတယ်။ ဒုသမ္မတ ဂျေဒီ ဗန့်စ်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆန်တို့က ထရမ့်အနေနဲ့ အမှုသိပ်မကြီးတဲ့ ပြစ်မှုကျူးလွန်သူတွေကိုပဲ လွတ်ငြိမ်းခွင့်ပေးသင့်တယ်လို့ မကြာသေးခင် ရက်တွေက မှတ်ချက်ပြုခဲ့ဖူးကြပါတယ်။

ထရမ့်က ပုန်ကန်မှုမှာ ပူးပေါင်းကြံစည်မှုနဲ့ ပြစ်မှုထင်ရှားစီရင်ခံရတာ ဒါမှမဟုတ် စွဲချင်တင်ခံရတာနဲ့ ရင်ဆိုင်နေရ တဲ့ Oath Keepers နဲ့ Proud Boys အဖွဲ့တွေက လက်ယာစွန်း (၁၄)ယောက်ရဲ့ ပြစ်ဒဏ်တွေကိုလည်း လျှော့ပေါ့ ပြောင်းလဲပေးခဲ့ပါတယ်။ ဒီလိုလျှော့ပေါ့ပေးလိုက်တဲ့အတွက် မကြာခင်မှာ အဲဒီ(၁၄)ယောက်ဟာ ထောင်ကနေ ပြန်လွတ်မြောက်ဖို့ ရှိနေပါတယ်။