အမေရိကန်ပြည်သူ သန်းပေါင်းများစွာ အဓိက မှီဝဲသုံးစွဲနေရတဲ့ ဆေးဝါး (၁၀) မျိုးရဲ့ စျေးနှုန်းတွေကို ၃၈ ရာခိုင်နှုန်း နဲ့ ၇၉ ရာခိုင်းနှုန်းကြား လျှော့ချမဲ့ အစီအစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကကြေညာလိုက် ပါတယ်။

လာမဲ့ နိုဝင်ဘာလရွေးကောက်ပွဲမှာ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ မကျေနပ်ချက်ကို နှစ်သိမ့်ပေးဖို့ရည်ရွယ်ပြီး မေရီလန်းပြည်နယ် မာဘိုရိုမှာ လုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဘိုင်ဒန်က အခုလို ထုတ်ဖော်ကြေညာခဲ့တာပါ။
အဲဒီဆေးဝါးစျေးနှုန်းလျှော့ချမဲ့ အစီအစဉ်ဟာ ၂၀၂၂ ခုနှစ်က ဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့တဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေရဲ့ တစိတ်တဒေသဖြစ်ပြီး လာမဲ့ ၂၀၂၆ ခုနှစ်မှာ အကျိုးသက်ရောက်မှာဖြစ်ပါတယ်။

အဲဒီအစီအစဉ်အရ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် Medicare မှာ ပါဝင်တဲ့ သူတွေ ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။
အဲဒီအစီအစဉ်ပါဝင်တဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေကို ဆီးနိတ်မှာ ရီပတ်ဘလီကန်တွေက ကန့်ကွက်ခဲ့ပေမဲ့ ဒုသမ္မတ ဟဲရစ်ရဲ့ အဆုံးအဖြတ်မဲကြောင့် ဒီမိုကရက်တွေက အောင်အောင်မြင်မြင်နဲ့ ပြဌာန်းနိုင်ခဲ့တာလို့ ဘိုင်ဒန်က အဲဒီ မေရီလန်း အခမ်းအနားမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။