ဆီးရီးယား ရေတပ်အုပ်စုကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောဆိုလာပါ တယ်။ ဒါဟာ အာဆတ်အစိုးရ ပြုတ်ကျပြီးနောက် ဆီးရီးယားထဲက စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ချိနဲ့စေဖို့အတွက် အားထုတ်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။

အစ္စရေး ကာကွယ်ရေးတပ်(IDF)ရဲ့ ထုတ်ပြန်ချက်မှာ အယ်လ်ဘေဒါ နဲ့ လာတက် ကီယာ ဆိပ်ကမ်းတွေကို အစ္စရေး စစ်သင်္ဘောတွေက တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ ဒါ့အပြင် အစ္စရေး စစ်လေယာဉ်တွေက ဆီးရီးယားတစ်လွှားမှာ တိုက်ခိုက်မှု အကြိမ်ပေါင်း (၃၅၀) ကျော် ပြုလုပ်ခဲ့တဲ့အပြင် မြေပြင်တပ်တွေကိုလည်း ဆီးရီးယားနဲ့ အသိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ဒေသကြားက စစ်မဲ့ဇုန်ထဲထိ အစ္စရေးက စေလွှတ်တပ်ဖြန့်ထားပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် က အစ္စရေးတပ်ဟာ အစ္စရေးနိုင်ငံကို ခြိမ်းခြောက်နေတဲ့ မဟာဗျူမြောက် စွမ်းဆောင်ရည်တွေကို တိုက်ခိုက် ဖျက်ဆီး နေကြောင်း ပြောပါတယ်။ ဆီးရီးယား ရေတပ်အုပ်စုကို ဖျက်ဆီးနိုင်တာဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ လည်း သူက ဖြည့်စွက်ပြောဆိုပါတယ်။

ဆီးရီးယားတစ်ခွင် တိုက်ခိုက်မှုတွေမှာ လက်နက်တိုက်တွေနဲ့ ဒုံးကျည် အများအပြားကို ပစ်မှတ်ထားခဲ့ပြီး အကြမ်းဖက်အစွန်းရောက် အုပ်စုတွေလက်ထဲ အဲဒီလက်နက်တွေ ရောက်မသွားအောင် တားဆီးဖို့ ဖျက်ဆီးခဲ့တာလို့ ပြောပါတယ်။ HTS အဖွဲ့အနေနဲ့ ဆီးရီးယားထဲမှာ အီရန်ကို ပြန်လည် အထိုင်ချခွင့်ပေးရင် အင်နဲ့အားနဲ့ တုံ့ပြန်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုက သတိပေးထား ပါတယ်။