ဆီးရီးယားနိုင်ငံမှာ အတိုက်အခံတွေက ဒမတ်စကပ်မြို့တော်ကို သိမ်းပိုက်ပြီးနောက် အကျဉ်းသား ထောင်ပေါင်း များစွာကို ပြန်လွှတ်ပေးနေတာမှာ လွတ်မြောက်လာသူတွေထဲ ချစ်ရတဲ့သူတွေ ပါဝင်လာမလားဆိုတာကို မိသားစုဝင်တွေက စောင့်ကြည့်ရှာဖွေနေကြရပါတယ်။

သားသမီး(၆)ယောက်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဆီးရီးယား သွားဆရာဝန်ရဲ့ မိသားစုဝင်တွေကလည်း ပြန်လွှတ်လာသူတွေထဲမှာ သူတို့ပါလာမလားဆိုတာ လိုက်လံရှာဖွေနေ တယ်လို့ အင်္ဂါနေ့က ဘီဘီစီကို ပြောပါတယ်။ အမေရိကန်အခြေစိုက် စိတ်ရောဂါကု ဆရာဝန်တစ်ယောက်ရဲ့ သမီးဖြစ်သူဟာလည်း ၂၀၁၇ ခုနှစ်မှာ အဖမ်းခံခဲ့ရပြီး သေဆုံးသွားပြီလို့ ယူဆခဲ့ကြပါတယ်။ သူ့ကို သေဆုံးစာရင်း ထုတ်ပြန်တဲ့ ဗီဒီယိုမှာ ထည့်သွင်းဖော်ပြခဲ့ပေမဲ့ အခုတော့ အသက်ရှင်လျက် ပြန်တွေ့ထားရပါတယ်။

ဆီးရီးယား အတိုက်အခံ သူပုန်တွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေက နိုင်ငံတစ်ဝန်း လျှပ်တစ်ပြက် ထိုးစစ်ဆင်သိမ်းပိုက်ပြီး အာဆတ်အစိုးရက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ထောင်တွေကနေ လွှတ်ပေးခဲ့ ကြပါတယ်။ အဲဒီအထဲမှာ ဒမတ်စကပ်မြို့တော်က နာမည်ဆိုးနဲ့ ကျော်စောတဲ့ ဆေဒါယာ အကျဉ်းထောင်လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အာဆတ်အစိုးရအောက်မှာ ညဉ်းပန်းနှိပ်စက်မှုနဲ့သတ်ဖြတ်မှုတွေ ဆိုးရွားများပြားတဲ့ အတွက် ထောင်ကနေ ပြန်လွတ်လာသူတွေထဲမှာ ချစ်ရသူတွေ ပါလာမလားဆိုတာကို အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ဆက်လက်စောင့်ကြည့် ရှာဖွေနေကြရဆဲဖြစ်ပါတယ်။