ရုရှားမှာ iPhone အသစ်တွေဟာ အနောက်နိုင်ငံတွေထက် အနည်းဆုံး ၅၀ % စျေးပိုကြီးပေမယ့် ကြိုတင်မှာယူမှု လိုအပ်ချက်ဟာ အရင်မော်ဒယ်ထက် ၁၅ % ပိုများတယ်လို့ ပြန်လည်ရောင်းချသူတစ်ဦးက ရိုက်တာကို ပြောပါ တယ်။ ယူကရိန်းစစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ iPhone ထုတ်လုပ်သူ Apple လို အနောက်တိုင်းကုမ္ပဏီတွေကို ၂၀၂၂ ခုနှစ်က ပို့ကုန်ပိတ်ပင်မှုတွေကို ရုရှားက ချမှတ်ထားပါတယ်။

ဒါပေမဲ့ တစ်ဆင့်ခံနဲ့ အပြိုင်စျေးကွက်တွေကနေ နိုင်ငံထဲဝင်ရောက်တဲ့ သွင်းကုန်တွေကို ရုရှားက ခွင့်ပြုထားပါတယ်။ အခုလ ရောင်းချမယ့် iPhone အသစ်တွေဟာ ရုရှားနိုင်ငံကို နိုင်ငံစုံကနေ ရောက်လာတယ်လို့ အီလက်ထရွန်းနစ်ပစ္စည်း လက်လီ ပြန်ရောင်းသူတွေရဲ့ ပြောရေး ဆိုခွင့်ရှိသူ လုဒ်မီလာ ဆီမူရှီနာက ပြောပါတယ်။

ပဋိပက္ခစတင်ကတည်းက မော်စကိုအပေါ် ပိတ်ဆို့ အရေးယူမှု တွေ မချမှတ်တဲ့ တရုတ်၊ အိန္ဒိယ၊ တူကီယဲ၊ ကာဇက်စတန်နဲ့ တခြား ဆိုဗီယက်နိုင်ငံဟောင်းတွေလို နိုင်ငံတွေနဲ့ ရုရှားနဲ့ ကုန်သွယ်မှု သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။

အိုင်ဖုန်းအသစ် ကြိုတင်မှာယူမှုတွေကို စက်တင်ဘာ ၁၀ ရက်က စတင်လက်ခံခဲ့ပြီး လာမယ့်သီတင်းပတ်မှာ စတင်ရောင်းချဖို့ မျှော်လင့်ထားကြောင်း လက်လီရောင်းချသူ တွေက ပြောပါတယ်။

ရုရှားလက်လီရောင်းချသူတွေဟာ စစ်ပွဲစတင်ကတည်းက Apple နဲ့ အဆက်အသွယ် မရှိတော့ဘူးလို့ သိရပါတယ်။ Apple ဟာ ၂၀၂၂ ခုနှစ် မတ်လကစပြီး ရုရှားမှာ ကုန်ပစ္စည်းရောင်းချမှုအားလုံးကို ရပ်ဆိုင်းထားတဲ့အပြင် ApplePay လို ဝန်ဆောင်မှုတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။