စပိန်ရထားထုတ်လုပ်ရေးကုမ္ပဏီ Talgo ကို ဟန်ဂေရီလုပ်ငန်းစု Ganz-Mavag က ဝယ်ယူမယ့်အပေါ် စပိန်အစိုးရ က သြဂုတ် ၂၇ ရက်က ပယ်ချခဲ့ပါတယ်။
နိုင်ငံတော်လုံခြုံရေးစိုးရိမ်မှုကြောင့် Ganz-Mavag က ယူရို ၆၉၁ သန်းနဲ့ ဝယ်ယူခွင့်ကို အစိုးရက ပိတ်ဆို့လိုက်ပြီးနောက် Talgo ရဲ့ ရှယ်ယာတွေဟာ သြဂုတ် ၂၈ ရက်က ၁၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားပါတယ်။
Talgo ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ကုမ္ပဏီအနေနဲ့ နောက်ထပ်ခြေလှမ်း တွေ အတွက် Ganz-Mavag ဆီက အချက်အလက်တွေ စောင့်ဆိုင်းသွားမှာဖြစ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်မယ်လို့ ပြောပါတယ်။

စပိန်နိုင်ငံမှာရှိတဲ့ Ganz-Mavag ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လုပ်ငန်းစုအနေနဲ့ စပိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ စပိန်မှာရော၊ ဥရောပမှာပါ ဥပဒေအတိုင်း ရင်ဆိုင်မယ်လို့ ပြောပါတယ်။
စပိန်နိုင်ငံရဲ့ အမှတ်အသားဖြစ်တဲ့ AVE မြန်နှုန်းမြင့်ရထားတွေထုတ်လုပ်သူ Talgo ရဲ့ ရှယ်ယာ အားလုံး ဝယ်ယူဖို့ ဟန်ဂေရီနိုင်ငံတော်ရန်ပုံငွေက ကျခံတဲ့ Ganz-Mavag က မတ်လမှာ စတင်ကမ်းလှမ်းခဲ့တာပါ။
Talgo ဟာ နိုင်ငံရဲ့ မီးရထားကွန်ရက်က အထိခိုက်မခံတဲ့ သတင်းအချက်အလက်တွေကို ရယူခွင့်၊ တိုးချဲ့တာနဲ့ နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါတဲ့ မဟာဗျူဟာမြောက်ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ စပိန်အစိုးရက ထပ်ခါ တစ်လဲလဲ ဖော်ပြခဲ့ပါတယ်။