စပိန်နိုင်ငံ ပါလ်မာ ဒီ မာလိုကာမှာ ခရီးသွားလာမှုကို ဆန့်ကျင်တဲ့ လူထောင်ပေါင်းများစွာဟာ တနင်္ဂနွေနေ့က ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ခရီးသွားလာမှုကို ဆန့်ကျင်သူတွေက အခုနှစ်ထဲမှာ ဘာစီလိုနာ နဲ့ တခြား ထင်ရှားတဲ့ အားလပ်ရက် ခရီးသွားနေရာတွေဖြစ်တဲ့ ပါလ်မာ ဒီ မာလိုကာ ၊ မာလာဂါ နဲ့ ကနာရီ ကျွန်းတွေ လိုနေရာတွေမှာ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်နေတာပါ။

အဲဒီနေရာတွေကို ခရီးသွားတွေ လာရောက်လည်ပတ်တဲ့ အတွက် အကျိုးဆက်အဖြစ် အိမ်ရာတိုက်ခန်းစျေးတွေမြင့်တက်ပြီး မြို့လယ်ကောင်မှာ မြို့ခံတွေတောင် နေဖို့ ငွေကြေး မတတ်နိုင်တော့အထိ အကျပ်ရိုက်စေတယ်ဆိုပြီး အခုလို ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေကို ဆန့်ကျင်နေတာ မဟုတ်ကြောင်း ၊ ခရီးသွားလာမှု ပုံစံကို ဆန့်ကျင်နေတာ သာဖြစ်ကြောင်း ၊ ဖြစ်နေတဲ့ ပုံစံက အရင်းရှင်စနစ်ရဲ့ ခရီးသွားလာမှု ပုံစံဖြစ်နေပြီး အဲဒီရဲ့ အကျိုးဆက်ကြောင့် ဒေသခံတွေ ဒုက္ခရောက်နေရကြောင်း ဆန္ဒဖော်ထုတ်သူတွေက သူတို့ရဲ့ ဦးတည်ချက်ကို ပြောပါတယ်။

ခရီးသွားလုပ်ငန်းဟာ အဲဒီဒေသတွေရဲ့ ဂျီဒီပီရဲ့ (၄၅) ရာခိုင်နှုန်းလောက်ကို ပံ့ပိုးပေးနေတယ်လို့ အချက်အလက် တွေက ဖော်ပြပါတယ်။
အခုနှစ်ရဲ့ ပထမ သုံးလပတ်အတွင်းမှာကို စပိန်နိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွား အရေအတွက်ဟာ (၁၆.၁) သန်း ထိရှိခဲ့ပြီး ဒါဟာ မနှစ်က အရေအတွက်ထက် ၁၈ ရာခိုင်နှုန်းလောက် တိုးပွားလာခဲ့တာဖြစ်ပါတယ်။
မနှစ်က စပိန်နိုင်ငံမှာ ခရီးသွားဧည့်သည်တွေရဲ့ ငွေသုံးစွဲမှုဟာ အမေရိကန်ဒေါ်လာ ၁၁၈ ဘီလီယံ ကျော်ရှိခဲ့ပြီး ပြင်သစ်နိုင်ငံမှာတော့ ဘီလီယံ (၇၀) နီးပါးပဲရှိခဲ့ပါတယ်။