ဗြိတိန်နိုင်ငံက စတုန်းဟန့်ချ် ရှေးဟောင်း ကျောက်တုံးတွေကို သဘာ၀ပတ်ဝန်းကျင်အရေး ဆန္ဒဖော်ထုတ်သူတွေ မှုတ်ဆေးဖျန်းမှု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ပါတယ်။
အွန်လိုင်းပေါ် တက်လာတဲ့ ဗီဒီယိုမှာ လိမ္မော်ရောင် ဆေးအမှတ် အသားတွေကို ကမ္ဘာ့ကျော် သမိုင်းမတင်မီ မယ်ဂါလစ်သစ် ကျောက်တုံးတွေပေါ်မှာ တွေ့ရပါတယ်။
ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးမှုနဲ့ လူနှစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ ဗြိတိန်ဒေသခံ ရဲတွေက ပြောပါတယ်။ သဘာ၀ပတ်ဝန်းကျင်ရေးရာအဖွဲ့ Just Stop Oil အဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ ဆန္ဒဖော်ထုတ်သူနှစ်ယောက်ဟာ မယ်ဂါလစ်သစ် ကျောက်တုံးတွေဆီ ပြေးသွားပြီး မှုတ်ဆေးဖျန်းခဲ့ရာမှာ နောက်ထပ် လူတစ်ယောက်က သူတို့ကို ဟန့်တားဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

အဲဒီအဖွဲ့ဟာ ဗြိတိန်အစိုးရအနေနဲ့ ၂၀၃၀ ခုနှစ်မှာ ရေနံ ၊ သဘာ၀ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေး ထုတ်လုပ်မှုတွေကို အဆုံးသတ်ပေးဖို့ လိုလားနေတဲ့ အဖွဲ့အစည်းပါ။
အင်္ဂလန်တောင် ပိုင်းမှာ တည်ရှိတဲ့ အဲဒီရှေးဟောင်း ကျောက်တုံးတွေဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပါဝင်ပြီး ဗြိတိန်ရဲ့ ခရီးသွား ဝင်ရောက်ကြည့်ရှုမှု အများဆုံး နေရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီရှေးအမွေအနှစ် ကျောက်တုံးတွေကို ထိန်းသိမ်းစောင့်ရှောက်မှုလုပ်နေတဲ့ English Heritage ကတော့ အခုဖြစ်စဉ်အပေါ်မှာ လတ်တလောမှာ မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။