စိန့်ပီတာစဘတ်မှာ နှစ်စဉ်ကျင်းပတဲ့ ရုရှားရေတပ်မတော်နေ့ အခမ်းအနားမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်အေးခေတ်ပုံစံ ဒုံးကျည်အကျပ်အတည်း ဖြစ်ပေါ်စေမယ့် အန္တရာယ်ရှိတယ်လို့ အမေရိကန်ကို သတိပေးခဲ့ ပါတယ်။

ရုရှား၊ တရုတ်၊ အယ်လ်ဂျီးရီးယားနဲ့ အိန္ဒိယရေတပ်သားတွေ တက်ရောက်တဲ့ ဇူလိုင် ၂၈ ရက်က ရုရှား ရေတပ်နေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ သမ္မတပူတင်က သတိပေးခဲ့တာပါ။
ဂျာမနီမှာ ဝါရှင်တန်က တာဝေးပစ် ဒုံးကျည်တွေ ချထားမယ်ဆိုရင် ရုရှားဟာ အနောက်နိုင်ငံတွေဆီ လက်လှမ်းမီ အကွာအဝေးအတွင်း အလားတူ ဒုံးကျည်တွေ ထားရှိမယ်လို့လည်း ပူတင်က သတိပေးခဲ့ပါတယ်။

ရေရှည်တပ်ဖြန့်မှုအတွက် ပြင်ဆင်မှုအနေနဲ့ ဂျာမနီမှာ တာဝေးပစ်ဒုံးကျည်တွေကို ၂၀၂၆ ခုနှစ်မှာ စတင်ချထားမယ်လို့ အမေရိကန်က ဇူလိုင် ၁၀ ရက်မှာ ပြောဆိုထားပါတယ်။
ရေတပ်နေ့အထိမ်းအမှတ်အဖြစ် နေရာအသီးသီးက ရုရှားရေတပ်တွေကို ပြသတဲ့ တိုက်ရိုက် ဗီဒီယိုကို ဇူလိုင် ၂၈ ရက်က ရုရှားနိုင်ငံပိုင် ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်း ဘောလ်တစ်နဲ့ ပစိဖိတ် ရေတပ်အခြေစိုက်စခန်းတွေ၊ ကက်စပီယံရေယာဉ်စုနဲ့ မြေထဲပင်လယ်က ရုရှားရေတပ်အခြေစိုက်စခန်း ဖြစ်တဲ့ ဆီးရီးယားဆိပ်ကမ်း တာတပ်စ်တို့မှာ ရေတပ်ချီတက်ပွဲတွေ ကျင်းပခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ပင်လယ်နက်ရေတပ်သင်္ဘောတွေက ကာလီဘရီဒုံးကျည်တွေ ပစ်ခတ်ပြီး ဗုံးကြဲ လေယာဉ်တွေကနေ ဗုံးကြဲပြတဲ့ အစီအစဉ်လည်း ပါဝင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။