ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာပြီး စစ်ဖြစ်နိုင်ခြေကြောင့် မိမိတို့နိုင်ငံသားတွေ လက်ဘနွန်ကနေ ထွက်ခွာဖို့ နိုင်ငံများစွာက တောင်းဆိုလာလို့ ဘေရွတ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နိုင်ငံခြားသားတွေ သြဂုတ် ၄ ရက်က ရောက်ရှိလာခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်းမှာ စစ်ရေးအရ တိုးမြင့်လာမယ့် အန္တရာယ်ကြောင့် ပြင်သစ်နဲ့ အီတလီတို့ဟာ လက်ဘနွန်ရောက် သူတို့နိုင်ငံသားတွေ နိုင်ငံတွင်းက ထွက်ခွာကြဖို့ ခရီးသွား အကြံပေးချက်တွေ တနင်္ဂနွေနေ့ အစောပိုင်းက ထုတ်ပြန်ခဲ့တာပါ။
အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း သူတို့နိုင်ငံသားတွေကို ဖြစ်နိုင်သမျှနည်းနဲ့ ထွက်ခွာဖို့ တိုက်တွန်းထားပြီးဖြစ်ပါတယ်။

ပါလက်စတိုင်း ဟားမာ့စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယက်ဟာ တီဟီရန်မှာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် တင်းမာမှုတွေ မြင့်တက်လာပါတယ်။
လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာရဲ့ အကြီးတန်းတပ်မှူး ဖူအက်ဒ် ရှူကာကို ဘေရွတ်မှာ အစ္စရေးက လုပ်ကြံအပြီး တစ်ရက်အကြာမှာ ဟာနီယက်လည်း လုပ်ကြံခံခဲ့ရတာပါ။
ဒေသတွင်း ပဋိပက္ခဖြစ်နိုင်ချေကို စိုးရိမ်မှုတွေ ကြီးထွားလာတာနဲ့အမျှ လေကြောင်းလိုင်းတွေဟာ အီရန်နဲ့ လက်ဘနွန်လေပိုင်နက်ကို ရှောင်ရှားပြီး အစ္စရေးနဲ့ လက်ဘနွန် ပျံသန်းမှုတွေကို ဖျက်သိမ်းခဲ့ပါတယ်။