ယူကရိန်းသမ္မတ ဇယ်လန်းစကီးရဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အစီအစဉ်ရှိကြောင်း ပြောဆိုမှုကို ကရင်မလင်နန်းတော် က သြဂုတ် ၂၈ ရက်မှာ ပယ်ချခဲ့ပြီး ယူကရိန်းမှာ အထူးစစ်ဆင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
စစ်ပွဲအဆုံးသတ်ဖို့ အစီအစဉ်အသေးစိတ်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု မရှိခဲ့တဲ့ ဇယ်လန်းစကီးက အသေးစိတ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သူ့ရာထူး ဆက်ခံဖို့ အလားအလာရှိသူနှစ်ယောက်ဆီကို တင်ပြမယ်လို့ အင်္ဂါနေ့က ပြောပါတယ်။
အဲဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ကိယက်ဗ်ရဲ့ သုံးပတ်ကြာ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို ကျုးကျော်ဝင်ရောက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
စီးပွားရေးနဲ့ သံတမန်ရေးရာ မျက်နှာစာမှာ တခြားအဆင့်တွေ ပါဝင်တယ်လို့လည်း ဇယ်လန်းစကီးက ပြောပါတယ်။
ရုရှားနိုင်ငံအတွင်းကို နက်ရှိုင်းစွာ ထိုးနှက် တိုက်ခိုက်ရေးအတွက် ယူကရိန်းတပ်ဖွဲ့တွေကို တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးဖို့ ဝါရှင်တန်ကို ဖိအားပေးနေတဲ့ ဇယ်လန်းစကီးက သူ့ရဲ့ရည်ရွယ်ချက်ဟာ မော်စကိုအတွက် စစ်ပွဲအဆုံးသတ်ဖို့ တွန်းအားပေးနေတာလို့ ပြောပါတယ်။
ယူကရိန်းအရေး ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက သူ့ရဲ့အကူအညီကို ရုရှားဆီ အကြံပြုခဲ့တယ်လို့ ကရင်မလင်ပြောခွင့်ရ ပက်စကော့ဗ်က ပြောဆိုခဲ့ပါတယ်။

အဲဒီလို အကြံပြုရာမှာ အိန္ဒိယဘက် က နိုင်ငံရေးနဲ့ သံတမန်ရေး နည်းလမ်းနဲ့ ပြေလည်မှုရဖို့ အမြဲတစေ ထောက်ခံခဲ့တယ် လို့လည်း ပက်စကော့ဗ်က ပြောပါတယ်။