စစ်ဖြစ်နေတဲ့ကြားက အစ္စရေးတောင်ပိုင်းက စိုက်ပျိုးရေးပညာရှင်တွေဟာ ကိုကိုးပင်ရဲ့ ပိုမိုခံနိုင်ရည်ရှိတဲ့ မျိုးကွဲ တစ်မျိုးကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပါတယ်။
ဂါဇာကမ်းမြောင်မှာ စစ်ပွဲဖြစ်ပွားစေတဲ့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကြောင့် အစ္စရေးတောင်ပိုင်းမှာ လျှပ်စစ်ဓာတ်အားနဲ့ ဆည်မြောင်းရေတွေ မရရှိဘဲ လနဲ့ချီပြီး ပိတ်ပစ်ခဲ့ရတဲ့အထဲ စိုက်ပျိုးရေးသုတေသန စမ်းသပ်ကွင်းတစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ တိုက်ခိုက်တာ မခံရခင်က ခြောက် သွေ့တဲ့ အခြေအနေမှာ အပူပိုင်းအပင်တွေရဲ့ စိုက်ပျိုးနိုင်တဲ့အခြေအနေ လေ့လာဖို့ ပျိုးပင် ၁၄၀ ရှိနေခဲ့တာပါ။
ဇန်နဝါရီလမှာ ပညာရှင်တွေ စမ်းသပ်ကွင်း ပြန်ရောက်တဲ့အခါ ကိုကိုးပျိုးပင် ၁၈ ပင်ကလွဲပြီး စမ်းသပ်အပင် အားလုံး သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။

မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိဖို့ ကိုကိုးမျိုးကွဲတွေ စမ်းသပ်ဖို့ စီစဉ် မထားပေမယ့် အဲဒီလို တွေ့ရှိခဲ့တာပါ။
ပျိုးပင်အသစ်တွေနဲ့ ပြင်းထန်အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီး သုံးလခွဲကြာ မိုးခေါင်ဒဏ် ခံနိုင်တဲ့ မျိုးကွဲကို တွေ့ရတာက အလွန်ထူးခြားတဲ့ ရလဒ်တစ်ခုလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ကမ္ဘာမှာ ရာသီဥတုဆိုးရွားမှုနဲ့ ရောဂါတွေကြောင့် ကိုကိုးထုတ်လုပ်မှုကို ထိခိုက်ခဲ့ပြီး ကမ္ဘာ့ကိုကိုးဈေးတွေ မြင့်တက်လာချိန် ဖြစ်ပါတယ်။ အခုအခါ အစ္စရေးပညာရှင်တွေဟာ “ စူပါဟီးရိုး” လို့ ရည်ညွန်းတဲ့ ရှင်သန်နေတဲ့ ကိုကိုးပင်တွေကို မွေးထုတ်ဖို့ စီစဉ်နေပါတယ်။ ပိုးမွှားခံနိုင်ရည်ရှိမှု၊ တခြားအရည်အသွေးတွေ စမ်းသပ်ဖို့နဲ့ သူတို့ရဲ့ ခံနိုင်ရည်ရှိစေတဲ့ မျိုးဗီဇတွေကို ခွဲခြားသတ်မှတ်ဖို့ကို စီစဉ်နေပြီလို့ သိရပါတယ်။