ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ယူကရိန်းငြိမ်းချမ်းရေး နည်းလမ်းတွေ ဆွေးနွေးဖို့အတွက် ဇူလိုင် ၂၃ ရက်က တရုတ်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

ငြိမ်းချမ်းရေးအစီအစဉ် တွေမှာ ပြိုင်ဆိုင်မှုကို ရှောင်ရှားရမှာဖြစ်ပြီး တရားမျှတမှုနဲ့ စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးကို ဦးတည်ရမှာဖြစ်ကာ ဒီနေရာမှာ တရုတ်နိုင်ငံအနေနဲ့ အရေးကြီးတဲ့ကဏ္ဍက ပါဝင်နိုင်တယ်လို့ ကူလီဘာက လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ဝင်မတိုက်ခင် ရက်ပိုင်းအလိုမှာ ပေကျင်းက ကန့်သတ်ချက်မရှိတဲ့ မိတ်ဖက်အဖြစ် ကရင်မလင်ကို ကြေညာထားတာကြောင့် အခုခရီးစဉ်က ထူးခြားနေပါတယ်။
ယူကရိန်းအတွက် အရေးပါတဲ့ အကူအညီတွေ ဖြတ်တောက်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ် ထရမ့် တကျော့ပြန်ယှဉ်ပြိုင်မယ့် နိုဝင်ဘာ အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင်မှာ တိုက်ပွဲတွေတရွတ်ဆွဲနေတဲ့ ယူကရိန်းစစ်မြေပြင်အတွက် အမျိုးမျိုးသောငြိမ်းချမ်းရေး အစပျိုးမှုတွေ မကြာသေးခင်က ထွက်ပေါ်လာခဲ့ပါတယ်။
ဆွစ်ဇာလန်မှာ ရုရှားမပါဘဲ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးတစ်ရပ် ဇွန်လမှာ ကျင်းပခဲ့ပြီး အခုအခါ ရုရှားပါဝင် မယ့် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလမှာ နောက်ထပ်ကျင်းပဖို့ မျှော်လင့်နေကြပါတယ်။
ဆွစ်ဇာလန် ထိပ်သီး အစည်းအဝေးကို မတက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ဘရာဇီးနဲ့အတူ နှစ်ဖက်စလုံးက အသိအမှတ်ပြုမယ့် နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံကို မေလ ၂၃ ရက်နေ့မှာ ကျင်းပဖို့ ထောက်ခံကြောင်း ပြောဆိုခဲ့သလို အချက် ခြောက်ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကိုလည်း တရုတ်က သီးခြားထုတ်ပြန်ခဲ့ပါတယ်။