အင်အား (၇)မဂ္ဂနီကျုရှိတဲ့ ငလျင်လှုပ်ခတ်သွားရာ နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသကို ပီရူး ကာကွယ်ရေး ဝန်ကြီးဌာနက အကူအညီပစ္စည်းတွေကို ပေးပိုခဲ့ပါတယ်။ အဲဒီဒေသမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူ မရှိဘဲ ဒဏ်ရာရသူနဲ့ ထိခိုက်ပျက်စီးမှုတွေသာ ဖြစ်ပေါ်ခဲ့တာပါ။

ငလျင်လှုပ်အပြီး ငလျင်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ဖို့အတွက် အကူအညီတွေ တင်ဆောင်လာတဲ့ လေယာဉ်ဟာ အာရီကွီပါးဒေသကို သောကြာနေ့က ရောက်ရှိလာခဲ့ပါတယ်။ ငလျင်ဖြစ်စဉ်အတွင်းမှာ လူ(၈)ယောက် ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက သုံးယောက်ဟာ ဒဏ်ရာ အသေးစားတွေရရှိခဲ့ကာ ကျန်တဲ့ ငါးယောက်ကိုတော့ ဆေးရုံတင် ကုသပေးနေရတယ်လို့ သဘာ၀ဘေး စီမံခန့်ခွဲရေးဌာနက တာဝန်ရှိသူ က ပြောပါတယ်။

အဓိက ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် အာရီကွီပါးဒေသမှာ အင်အား (၄) ကနေ (၄ ဒသမ ၆) အဆင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်လေးခု ဆက်လက် လှုပ်ခတ်သွားခဲ့ပါ သေးတယ်။ အဲဒီနောက်ဆက်တွဲ ငလျင်တွေကြောင့် ဒေသတွင်း လမ်းတချို့မှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။