အနောက်ဘက်ကမ်းဒေသ ဂျဲနင်မြို့မှာ ဒေသဆိုင်ရာ ဟားမာ့စ် ခေါင်းဆောင် ဝတ်ဆမ် ဟာဇမ်ကို အစ္စရေးရဲ တွေက သောကြာနေ့မှာ ပစ်သတ်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။
အဲဒီ ဒေသဆိုင်ရာ ဟားမာ့စ် ခေါင်းဆောင်ဟာ ပါလက်စတိုင်း နယ်မြေတွေထဲက ပစ်ခတ်မှုနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေမှာ ပါဝင် ပတ်သက်နေသူ လို့လည်း အစ္စရေး စစ်ဘက်က ပြောပါတယ်။
အစ္စရေး နယ်ခြားရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုတွေမှာ ကားတစ်စီး ရှိရာကို နောက်တစ်စီးက လိုက်ကပ်သွားပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့ မြင်ကွင်းကို တွေ့ရပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း အရပ်ဝတ် ရဲတွေက ဟာဇမ်ကို ပစ်သတ်ခဲ့ပြီး နေရာကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ တခြား ဟားမာ့စ်တွေကို ဒရုန်းတစ်စင်းက လိုက်လံပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အစ္စရေးရဲတွေက ပြောပါတယ်။
အဲဒီ ဟားမာ့စ်တွေ စီးလာတဲ့ ကားထဲကနေ လက်နက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ငွေကြေးအများအပြား သိမ်းဆည်းရမိတယ်လို့လည်း အစ္စရေး နယ်ခြားရဲတပ်ဖွဲ့ က ပြောပါတယ်။