လူ(၄)ယောက် သေဆုံးစေခဲ့ပြီး (၉)ယောက် ဒဏ်ရာရစေခဲ့တဲ့ ဂျော်ဂျီယာ အထက်တန်းကျောင်း ပစ်ခတ်မှု တရားခံရဲ့ ဖခင်ဖြစ်သူကို ဖမ်းဆီးထားကြောင်း ဂျော်ဂျီယာ ပြည်နယ်တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပစ်ခတ်မှုတရားခံရဲ့ ဖခင်ဖြစ်သူ အသက် (၅၄)နှစ်အရွယ် ကိုလင် ဂရေးဟာ သားဖြစ် သူမှာ လူသတ်လက်နက် ပိုင်ဆိုင်ထားတာကို သိလျက်နဲ့ ခွင့်ပြုထားခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိ သူတွေက ပြောပါတယ်။
ဒီအတွက် သူ့ကို လူသေစေမှု စွဲချက်(၄)ခု၊ ဒုတိယအဆင့် လူသတ်မှုဆိုင်ရာ စွဲချက်(၂)ခု၊ ကလေး သူငယ်တွေအပေါ် အညှာအတာကင်းမဲ့မှုဆိုင်ရာ စွဲချက် (၈)ချက်တို့နဲ့ တရားစွဲဆိုထားတယ်လို့ ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေး ဗျူရိုက ပြောပါတယ်။
အသက်(၁၄)နှစ်အရွယ် ပစ်ခတ်မှုတရားခံ ကို့လ်ဂရေးကိုလည်း လူသတ်မှု စွဲချက်(၄)ခုနဲ့ တရာစွဲဆိုထားပြီး သူ့ကို ရာဇဝတ် တရားစီရင်ရေးစနစ်အရ လူလတ်ပိုင်းတစ်ယောက်အဖြစ် စစ်ဆေးစီရင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုတရားခံဟာ AR အော်တိုမတ်တစ် ရိုင်ဖယ်တစ်လက်နဲ့ ပစ်ခတ်မှုကျူးလွန်ခဲ့ပြီး အဲဒီသေနတ်ကို ဘယ်လို ရလာသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း ပြောပါတယ်။
ပစ်ခတ်မှုတရားခံနဲ့ ဖခင်ဖြစ်သူ နှစ်ယောက်စလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလတုန်းက ကျောင်းပစ်ခတ်မှုတစ်ခု ကျူးလွန်မယ်လို့ အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်ပြောဆိုမှုအတွက် အာဏာပိုင်တွေရဲ့ ခေါ်ယူစစ်ဆေး မေးမြန်းမှုကို ခံခဲ့ရဖူးပါတယ်။
အဲဒီလိုခြိမ်းခြောက်မှုတွေ မလုပ်ခဲ့ဖူးကြောင်း သားအဖ နှစ်ယောက်စလုံးက ငြင်းဆို ထားပြီးတော့ ဖခင်ဖြစ်သူက သူ့မှာ အမဲလိုက်သေနတ်တစ်လက် ပိုင်ဆိုင်ထားပြီး အဲဒီသေနတ်ကို သားဖြစ်သူ အလွယ်တကူ ယူလို့မရအောင် သေချာသိမ်းဆည်းထားကြောင်းလည်း အာဏာပိုင်တွေဆီမှာ ပြောထားပါတယ်။