ဝီကီလိခ်တည်ထောင်သူ ဂျူလီယန် အက်ဆန်းကို ဩစတြေးလျနိုင်ငံကို ပို့ဆောင်မဲ့ လေယာဉ်ဟာ ပစိဖိတ် သမုဒ္ဒရာတွင်းက အမေရိကန်ပိုင်နက်ဖြစ်တဲ့ ဆိုင်ပန်ကျွန်းကနေ ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။
ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘားနိစ်ကလည်း အက်ဆန်းဟာ အိမ်အပြန် လမ်းခုလတ်မှာ ရောက်နေပြီလို့ အတည်ပြု ပြောကြားထားပါတယ်။
အက်ဆန်းဟာ အမေရိကန်အစိုးရနဲ့ ရယူထားတဲ့ သဘောတူညီမှုအတိုင်း အမေရိကန်ပြည်ထောင်စုရဲ့ သူလျှိုအက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဆိုင်ပန်ကျွန်း တရားခွင်မှာ ဝန်ခံ လျှောက် လဲခဲ့ပြီးတဲ့နောက် မွေးရပ်မြေ ဩစတြေးလျကို ပြန်ခွင့်ရခဲ့တာပါ။
ဗြိတိန်မှာ အကျဉ်းကျခံရင်း အက်ဆန်းဟာ သူ့အပေါ် စွဲတင်ထားတဲ့ ရာဇဝတ်မှု စွဲချက်(၁၈)ချက်ကို ရင်ဆိုင်ခဲ့ပါတယ်။ ဆိုင်ပန်တရားရုံးမှာတော့ အမျိုးသား ကာကွယ်ရေးဆိုင်ရာ လျှို့ဝှက် မှတ်တမ်းတွေကို လက်ခံရယူပြီး ဖွင့်ချမှုမှာ ပူးပေါင်းကြံစည်မှုဆိုတဲ့ ရာဇဝတ်မှု တစ်မှုအတွက် သူ့မှာ အပြစ်ရှိကြောင်း အက်ဆန်းက ဝန်ခံသွားခဲ့ပါတယ်။
ဒါပေမဲ့ အက်ဆန်းက အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက လွတ်လပ်စွာပြောဆိုခွင့်ကို ကာကွယ်ပေးတဲ့ ပထမအကြိမ် ဥပေဒ ပြင်ဆင်ချက်ဟာ သူ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အကာအကွယ်ပေးလိမ့်မယ်လို့ ယုံကြည်မိခဲ့ကြောင်း အဲဒီတရားခွင်မှာ ပြောဆို သွားခဲ့ပါတယ်။
အက်ဆန်းရဲ့ ခံဝန်ကတိသဘောတူညီချက်ဟာ သတင်းသမားတွေကို နှုတ်ဆိတ်သွားစေနိုင်တဲ့ မကောင်းတဲ့ ပုံရိပ်တစ်ခုဖြစ်တယ်လို့ ဝါရင့် နိုင်ငံတကာသတင်းစာ ဆရာတချို့က ဝေဖန်သုံးသပ်ကြပါတယ်။