ဂျာမနီနိုင်ငံ အနောက်ပိုင်းမြို့ဖြစ်တဲ့ ဆိုးလင်ဂန်မြို့မှာ ပွဲတော်တစ်ခုအတွင်း ဓားထိုးတိုက်ခိုက်မှုကြောင့် လူ(၃) ယောက်သေပြီး နောက်ထပ် (၃)ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဂျာမနီရဲတပ်ဖွဲ့က ပြောပါတယ်။

သောကြာနေ့ ညပိုင်း ၁၀ နာရီဝန်းကျင်ခန့်မှာ အမည်မသိ အမျိုးသားတစ်ယောက်က ဓားနဲ့ လူပေါင်းများစွာကို လိုက်ထိုးခဲ့တာလို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှုခင်းဆေးစစ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်တဲ့နေရာကို စနေနေ့ မနက်ပိုင်းမှာ ရောက်ရှိလာပြီး စစ်ချက်ရယူနေတာကို တွေ့ရပါတယ်။

အဲဒီဓားထိုးတိုက်ခိုက်မှုဟာ မြို့ရဲ့ မြို့တည် နှစ်(၆၅၀)ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတော်အတွင်း ဂီတဖျော်ဖြေမှုတစ်ခုအနီးမှာ ဖြစ်ပွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။
ဆိုးလင်ဂန်မြို့ဟာ ဂျာမနီရဲ့ လူဦးရေ အထူထပ်ဆုံး ရိုင်း-ဝက်စ်ဖာလီယာ ပြည်နယ်ထဲက မြို့ဖြစ်ပြီး နယ်သာလန်နိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။