ဂျပန်နိုင်ငံမှာ ပူပြင်းတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကြား ရေပန်းစားတဲ့ တိုကျိုမျှော်စင် အပါအဝင် မြို့တော်အနီးတစ်ဝိုက်မှာ တည်ထောင်ထားတဲ့ အအေးခံ ခန်းမအသစ်တွေကို အသုံးပြု ဖို့ တိုက်တွန်းထားပါတယ်။

မကြာသေးခင်က လူအများအပြားသေဆုံးမှုရဲ့ နောက်ကွယ်မှာ အပူချိန် ပြင်းထန်မှု ရှိတယ်လို့ ယူဆကြပါတယ်။ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြည်သူတွေကို သတိပေးချက် ထုတ်ပြီးနောက် အပူဒဏ် သက်သာရာရစေမယ့် နေရာတွေအဖြစ် ပုံမှန်အားဖြင့် လေအေးပေးစက်တွေ တပ်ဆင်ထားတဲ့ ရပ်ရွာ စင်တာတွေ ဒါမှမဟုတ် စာကြည့်တိုက်တွေလို အဆောက်အဦတွေကိုလည်း ဖော်ဆောင်ပေးထားပါတယ်။

ဂျပန်အရာရှိတွေက တိုကျိုမြို့ အရှေ့ဘက်နဲ့ အနောက်ဘက်ဧရိယာတွေမှာ အပူဒဏ် ခံရနိုင်ခြေကို အင်္ဂါနေ့က သတိပေးခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ ရှောင်ရှားဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒေသတွင်း မီဒီယာတွေကလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း လူအများအပြား ဆေးရုံတင်ထားရပြီး တချို့ဟာ အပူရှိန်ကြောင့် သေဆုံးရတဲ့ လက္ခဏာတွေ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ရှီဇူအိုကာမြို့ကမှာ ဇူလိုင် ၈ ရက်မှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်)အထိ စံချိန်တင်ခဲ့ပြီး တိုကျိုမြို့ရဲ့ တချို့နေရာတွေမှာလည်း ဒီနှစ်အတွက် အပူချိန် စံချိန်တင်ခဲ့ပါတယ်။