ဆေးရုံအနီးအနားက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်က အမိန့်ပေးခဲ့ပြီးနောက် ဂါဇာ ကမ်းမြောင်ဒေသ ခန်းယွန်နစ်မြို့က ဥရောပဆေးရုံမှာ ဝန်ထမ်းတွေနဲ့ လူနာတွေ ထွက်ပြေးခဲ့ကြတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

ဥရောပဆေးရုံဟာ ဗလာကျင်းလုနီးပါး ဖြစ်နေပြီး ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေဟာ ဆေးရုံက ထွက်ခွာဖို့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခဲ့ကြတယ်လို့ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေက WHO ကိုယ်စားလှယ် ရစ်ခ် ပီးပါခွန်က ဇူလိုင် ၂ ရက်က ပြောဆိုခဲ့တာပါ။

ဂျေရုဆလင် မြို့ကနေ ဗီဒီယိုလင့်ခ်နဲ့ ပြောဆိုခဲ့တာဖြစ်ပြီး ဆေးရုံမှာ လူနာ ၃ ယောက်ပဲ ကျန်ရှိတော့မယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်များစွာက ထွက်ခွာသွားပြီးနောက် တင့်ကားတွေ ပြန်လည်ဝင်ရောက်မလာခင် ဇူလိုင် ၁ ရက်က ခန်းယွန်နစ်အရှေ့ပိုင်းက မြို့ရွာအများအပြားမှာ နေထိုင်သူတွေကို နေအိမ်တွေက ရွှေ့ပြောင်းဖို့ အစ္စရေး စစ်တပ်က အမိန့်ပေးခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်တောင်ပိုင်းက ဒေသအများအပြားကို ဇူလိုင် ၂ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ပွဲကိုးလအတွင်း ပြင်းထန်တဲ့စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကြောင့် ပါလက်စတိုင်း ထောင်ပေါင်းများစွာဟာ သူတို့နေအိမ်တွေကနေ တစ်ဖန်ထွက်ပြေးခဲ့ကြရပါတယ်။