အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီ ၈ ရက်က ဂါဇာမှာ အနည်းဆုံး ပါလက်စတိုင်း ၂၂ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Independent သတင်းမှာ ဖော်ပြပါတယ်။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာစီးတီးက ရပ်ဒ်ဝမ် ဒေသမှာ လူ ၁၀ ယောက် သေဆုံးခဲ့ပြီး ဇေတောင်းဆင်ခြေဖုံးမှာလည်း နောက်ထပ် ပါလက်စတိုင်း ၅ ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဂါဇာအလယ်ပိုင်းက ပါလက်စတိုင်းတွေ ထောင်နဲ့ချီ ခိုလှုံနေတဲ့ မြို့မှာလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ အများအပြား ရှိခဲ့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်က မထွက်ခွာမီ ဂါဇာကမ်းမြောင်မှာ ပဋိပက္ခတွေ ပြီးဆုံးစေဖို့ အရှိန်မြှင့်ကြိုးပမ်းနေချိန် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာပါ။ လက်ရှိမှာ အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့က ဟားမာ့စ်နဲ့ အစ္စရေးအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အကြိတ်အနယ် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်မှာရှိတဲ့ အစ္စရေးတပ်ဖွဲ့တွေအကုန်လုံး ဆုတ်ခွာပေးမယ်ဆိုရင် ကျန်ရှိနေတဲ့ ဓားစာခံတွေကို လွှတ်ပေးမယ်လို့ ဟားမာ့စ်အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ စတင်ခဲ့တဲ့ အစ္စရေးရဲ့ ထိုးစစ်တွေကြောင့် ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်း ၄၆၀၀၀ နီးပါး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။