ဂါဇာအလယ်ပိုင်းက အိမ်တစ်လုံးကို အစ္စရေးလေကြောင်းကနေ အင်္ဂါနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း (၃) ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဌာနက ပြောပါတယ်။

ဒဏ်ရာရရှိ ထားသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက အက်ဆာ မာတား ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
အဲဒီအိမ်ရှိရာ အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတွေထဲကလည်း တိုက်ခိုက်မှုအတွင်း လူအများအပြား ပျောက်ဆုံးနေပြီး ဗုံးထိမှန် ပျက်စီးသွားတဲ့ အိမ်အပြိုအပျက် အုတ်ပုံတွေကြားမှာ ပိတ်မိနေတယ်လို့ ယူဆရကြောင်း ပြောကြပါ တယ်။

အင်္ဂါနေ့က ဂါဇာဒေသထဲက နေရာတော်တော်များများကို အစ္စရေးက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ခဲ့ရာမှာ ပါလက်စတိုင်း ပြည်သူ(၄၀)ကျော် သေဆုံးခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ ဂါဇာ စီးတီးမှာလည်း အစ္စရေး တင့်ကားတွေ ရှေ့တိုးချီတက်လာတဲ့အတွက် မြို့ခံတွေဟာ အမြောက်ဆန်၊ ကျည်ဆန် တွေကြားကပဲ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။