စစ်ဘေးဒဏ်သင့် ဂါဇာကမ်းမြောင်ဒေသကို ပင်လယ်ဘက်ကနေ အကူအညီတွေ ပို့ဆောင်ပေးနေတဲ့ အမေရိကန် ရဲ့ ယာယီဆိပ်ခံဟာ ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတွေ စုပုံနေတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပြီး မကြာခင်က ခိုးဝှက် မှုတွေပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ပေ ၁၂၀၀ ရှည်လျားတဲ့ ရေပေါ်ဆိပ်ခံဟာ မေလမှာ စတင်လည်ပတ် ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီတွေ နောက်ထပ် လမ်းကြောင်းတစ်ခုဖွင့်ဖို့ ကြိုးပမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဆိုက်ပရပ်စ်မှာ ကြိုတင်စစ်ဆေးမှုခံယူပြီး ရေလမ်းက ပို့ဆောင်ပေးခဲ့ပါတယ်။
ကြမ်းတမ်းတဲ့ပင်လယ်ပြင်က ဆိပ်ခံ တံတားကို အဟန့်အတားဖြစ်စေတာ ဒါမှမဟုတ် ပျက်စီးစေတာအပြင် ကုန်းမြေပေါ်က လုံခြုံရေး အခြေအနေ ကြောင့် လုပ်ငန်းမကြာခဏ ပြတ်တောက်ခဲ့ပေမယ့် ဆိုက်ပရပ်စ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက ဆက်ကူညီဖို့ ကတိပြုထားပါတယ်။
ပဋိပက္ခဇုန်မှာ အလုပ်လုပ်ရတာနဲ့ ဆိပ်ကမ်းရဲ့ ထောက်ပံ့ပို့ဆောင်ရေး စိန်ခေါ်မှုတွေအပြင် အကူအညီပေးရေး ထရပ်ကားတွေကို လုယက်ခံရတာတွေလည်း ကြုံတွေ့နေရပါတယ်။
အမေရိကန်နဲ့ ဆိုက်ပရပ်စ် တာဝန်ရှိသူ တွေဟာ ဆိပ်ကမ်းကို သင်္ဘောတွေ အဆက်မပြတ် လာရောက်မယ်လို့ ပြောဆိုခဲ့ပြီး ယာယီဆိပ်ခံကို အသုံးမပြု နိုင်တော့တဲ့အခါ ဆိုက်ပရပ်စ်က အကူအညီတွေ ဘယ်လို ဆက်လက်ပေးပို့ရမယ် ဆိုတာကို စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
