ဂါဇာဒေသထဲက အနည်းဆုံး လူနာ (၉၇)ယောက်နဲ့ တခြား လူပုဂ္ဂိုလ်(၁၅၅)ယောက်ကို ဗုဒ္ဓဟူးနေ့က ဆေးဝါး ကုသမှုတွေ ဆက်လက်ခံယူစေဖို့ ယူအေအီးနိုင်ငံကို နေရာရွှေ့ပြောင်းပေးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောပါတယ်။
အဲဒီလို နေရာရွှေ့ပြောင်းပေးမှုဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း အကြီးမားဆုံး ဆေးဘက်ဆိုင်ရာ နေရာရွှေ့ပြောင်းမှုကြီး ဖြစ်တယ်လို့ အသိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေများဆိုင်ရာ WHO ကိုယ်စားလှယ် ရစ်ချတ်ဒ် ပီပါကွန် က ကြာသပတေးနေ့ ညက ပြောကြားခဲ့တာပါ။
အဲဒီ လူနာတွေကို လူနာတင်ယာဉ်တွေနဲ့ ကီရမ် ရှလုမ်း နယ်စပ်ဂိတ်ကနေ အစ္စရေးနိုင်ငံ ရာမွန်လေဆိပ်ကို ပို့ဆောင်ပြီး အဲဒီကနေမှ ယူအေအီးနိုင်ငံ အဘူဒါဘီကို ဆက်လက်ရွှေ့ပြောင်း ပို့ဆောင်ခဲ့ပါတယ်။

နေရာရွှေ့ပြောင်းပေးခဲ့တဲ့ လူနာတွေထဲမှာ ကလေးငယ် (၄၅)ယောက်နဲ့ လူလတ်ပိုင်း (၅၂)ယောက်တို့ ပါဝင်ပြီး ကင်ဆာ၊ နှလုံးရောဂါ၊ သွေးနဲ့ အသည်းရောဂါ ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါ ခံစားရသူတွေ ပါဝင်တယ်လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမာ့စ်တို့အကြား စစ်ပွဲဟာ ဂါဇာဒေသရဲ့ ကျန်းမာရေး စနစ်ကို ပျက်စီးစေခဲ့ပြီး ဒေသတွင်းမှာ ဆေးရုံ (၃၆)ရှိတဲ့အထဲမှာ (၁၇)ရုံကပဲ တစ်စိတ်တစ်ပိုင်းသာ လည်ပတ်နိုင်တော့တယ်လို့ WHO က ခန့်မှန်းထားပါတယ်။
ဂါဇာထဲမှာ အစ္စရေးက စစ်ဆင်ရေးအရှိန်မြှင့်လိုက်တဲ့ မေလကစပြီး ဂါဇာထဲကနေ အီဂျစ် နိုင်ငံဘက်ကို ဆေးဘက်ဆိုင်ရာ လူနာရွှေ့ပြောင်းမှုတွေ အဓိက ပြုလုပ်ရာ ရာဖာနယ်စပ်ဂိတ်ဟာလည်း အပိတ်ခံခဲ့ရပါတယ်။