ဂါဇာမြောက်ပိုင်းဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ အဓိကဆေးရုံတစ်ရုံကို အစ္စရေးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံမှာ ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ လူနာတွေကို အတင်းအကြပ်ရွှေ့ပြောင်းခိုင်းခဲ့တယ်လို့ ဟားမာ့စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာမြောက်ပိုင်း ဘေ့တ်လဟီယာ(Beit Lahia)မြို့မှာရှိတဲ့ ကမယ်လ်အက်ဒ်ဝမ် ဆေးရုံကို ဟားမာ့စ်အကြမ်းဖက်အဖွဲ့ရဲ့ အမာခံနယ်မြေဖြစ်တယ်လို့ စွပ်စွဲပြီး အစ္စရေးက ဝင်ရောက်စီးနင်းမှု လုပ်ခဲ့တာပါ။
အစ္စရေးတပ်ဖွဲ့တွေဟာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဖမ်းဆီးစစ်ဆေး မေးမြန်းခဲ့သလို ဆေးရုံရဲ့ ဒါရိုက်တာ ဒေါက်တာ အဘူဆာဖီယာကိုလည်း အကြမ်းဖက်သမားလို့ စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း BBC က ဖော်ပြပါတယ်။
ဒီဆေးရုံက အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာ ၁၅ ဦးအပါအဝင် အခြား ကျန်းမာရေးဝန်ထမ်းတွေကိုတော့ အနီးအနားမှာရှိတဲ့ ဆေးရုံတစ်ရုံကို ရွှေ့ပြောင်းခိုင်းခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ပါတယ်။

အခုလို ဆေးရုံကို ဝင်ရောက်စီးနင်းမှုကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ရပြီး အခုတော့ ဂါဇာမြောက်ပိုင်းမှာ နောက်ဆုံးကျန်ရှိတဲ့ အဓိက ဆေးရုံတစ်ရုံ မရှိတော့ဘူးလို့ WHO က ထုတ်ပြန်ပါတယ်။
ဟားမာ့စ်အဖွဲ့တွေဟာ ကမယ်လ်အက်ဒ်ဝမ် ဆေးရုံကို ကွပ်ကဲမှုစင်တာအဖြစ် အသုံးပြုနေတာလို့ အစ္စရေးက စွပ်စွဲထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ဆေးရုံအနီးတစ်ဝိုက်ဧရိယာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။
အစ္စရေးဘက်ကတော့ ဆေးရုံရဲ့ ဒါရိုက်တာ အဘူဆာဖီယာကို ထိန်းသိမ်းထားကြောင်း မနေ့က ဒီဇင်ဘာ ၂၈ ရက်မှာ အတည်ပြုခဲ့ပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။