ဂါဇာကမ်းမြောင်ဒေသမှာ အခုအပတ်အတွင်း မြေအောက်ဥမင်လိုဏ်ခေါင်းထဲကနေ အစ္စရေးဓားစာခံ ငါးယောက် ရဲ့ အလောင်းတွေကို ပြန်လည်ရရှိခဲ့တယ်လို့ အစ္စရေး စစ်တပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
ဓားစာခံ ရုပ်အလောင်းတွေ ပြန်လည်ဆယ်ယူတဲ့ စစ်ဆင်ရေးကို မကြာသေးခင် သီတင်းပတ်တွေက စုဆောင်းရရှိခဲ့တဲ့ ထောက်လှမ်းရေး သတင်းတွေအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာပြီး ဆောင်ရွက်ခဲ့တာလို့ အစ္စရေး ရေကြောင်း ဗိုလ်ချုပ် ဒန်နီရယ် ဟာဂါရီ က ပြောပါတယ်။
အဲဒီ စစ်ဆင်ရေးဟာ အခုပတ်ထဲမှာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ အဓိက ပြန်လည်ပြုလုပ်ရာ ခန်ယိုနစ္စမြို့အလယ်မှာ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။

ဓားစာခံအလောင်းတွေ ကို မီတာ ၂၀၀ ရှည်ပြီး မီတာ ၂၀ လောက်နက်တဲ့ မြေအောက် ဥမင်အတွင်းမှာ ဖွက်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။
အောက်တိုဘာ(၇)ရက်နေ့ ဟားမာ့စ် အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သတ်ဖြတ်ခံရပြီး ဂါဇာထဲကို ဟားမာ့စ်အကြမ်းဖက်သမားတွေ သယ်ဆောင်သွားတဲ့ အလောင်းငါးလောင်းကို အစ္စရေးစစ်တပ်က ပြန်လည်တွေ့ရှိခဲ့ကြတာပါ။
သေဆုံးသူတွေထဲမှာ အစ္စရေးတောင်ပိုင်း ကစ်ဘူ့ဇ်စုပေါင်းလယ်ယာ က မူလတန်းကျောင်းဆရာမနဲ့ ဟားမာ့စ် တိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်ဖို့ ကြိုးစားခဲ့သူ အစ္စရေး အရန်တပ်သားနဲ့ စစ်သား လေးယောက်တို့ ပါဝင်ပါတယ်။