အစ္စရေးအထူးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ခက်ခဲရှုပ်ထွေးတဲ့ ကယ်ဆယ်ရေး စစ်ဆင်မှုကနေ အစ္စရေး ဓားစာခံတစ်ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လိ့ အစ္စရေး စစ်တပ်က အင်္ဂါနေ့မှာ ပြောပါတယ်။
ဟားမာ့စ်သေနတ်သမားတွေရဲ့ အောက်တိုဘာ(၇)ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး (၁၀)လအကြာ မှာ အဲဒီဓားစာခံကို အထူးစစ်ဆင်ရေး တစ်ရပ်ဆင်နွှဲကာ ကယ်ထုတ်နိုင်ခဲ့တာပါ။
ပြန်လည် ကယ်ထုတ်နိုင်ခဲ့တဲ့ ဓားစာခံ အမျိုးသားဟာ အစ္စရေးတောင်ပိုင်းမှာ နေထိုင်တဲ့ ဘီဒိုအင်းမျိုးနွယ်စုဝင် အသက်(၅၂)နှစ်အရွယ် ကိတ်ဒ် ဖာဟန်း အယ်လ်ကာဒီ ဆိုသူဖြစ်ပါတယ်။

အခုအခါ ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူနေပေမဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ အစ္စရေး စစ်ဘက်က ပြောပါတယ်။ အယ်လ်ကာဒီ ကို စုပေါင်းလယ်ယာကနေ ဟားမာ့စ်အကြမ်းဖက် စစ်သွေးကြွတွေက အောက်တိုဘာ(၇)ရက်နေ့မှာ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့တာပါ။
အဲဒီအကြမ်းဖက် တိုက်ခိုက်မှုအတွင်း အစ္စရေးနဲ့ နိုင်ငံခြားသား ဓားစာခံ (၂၅၀)ကျော် ပြန်ပေးဆွဲ ခေါ်ဆောင်ခံရပြီး လူပေါင်း (၁၂၀၀)လောက် သတ်ဖြတ်ခံခဲ့ရပါတယ်။
ဂါဇာဒေသထဲမှာ ဓားစာခံ(၁၀၈)ယောက် ကျန်ရှိနေဆဲဖြစ်ပြီး အဲဒီထဲက သုံးပုံတစ်ပုံဟာ အသက်သေဆုံးသွားခဲ့ပြီးဖြစ်တယ်လို့ ယူဆရပါတယ်။