ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း ကလေးငယ်တွေကို ပိုလီယိုရောဂါကာကွယ်ဆေး ထိုးနှံတဲ့ ပထမနေ့မှာ ကလေး ၈၀,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

အီဂျစ်နယ်စပ် ရာဖာကို စက်တင်ဘာ ၂ ရက်က လာရောက်တဲ့ WHO ရဲ့ လွတ်လပ် တဲ့ ကြီးကြပ်ရေးနဲ့ အကြံပေးကော်မတီ IOAC ဥက္ကဋ္ဌ ဝါလစ် အမ်မာက ပြောဆိုခဲ့တာပါ။ ကလေး ၆၄၀၀၀၀ ကို ကာကွယ်ဆေး ထိုးပေးရမှာဖြစ်လို့ အလုပ်ပိုလုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အမျိုးအစား-၂ ပိုလီယို ဗိုင်းရပ်စ်ပိုးကြောင့် ကလေးတစ်ယောက် တစ်စိတ်တစ်ပိုင်း လေဖြတ်သွားတယ်လို့ ပြီးခဲ့တဲ့လက အတည်ပြုခဲ့ပြီး ဂါဇာနယ်မြေမှာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပိုလီယိုရောဂါ တွေ့ရှိခဲ့တာပါ။

ကာကွယ်ဆေး စတင်ထိုးနှံဖို့ အတွက် အစ္စရေးနဲ့ ဟားမာ့စ်တို့က ဂါဇာမှာ တိုက်ခိုက်မှုတွေကို စက်တင်ဘာ ၁ ရက်ကနေ စက်တင်ဘာ ၃ ရက် အထိ နေ့စဉ်အနည်းဆုံး ရှစ်နာရီကြာ ရပ်စဲထားဖို့ သဘောတူညီခဲ့ကြပါတယ်။
အနည်းဆုံး ကလေး ၉၀ ရာခိုင်နှုန်း ဟာ လေးပတ်အတွင်း ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖို့ လိုအပ်ပေမယ့် စစ်ပွဲကြောင့် အကြီးအကျယ် ပျက်စီးခဲ့ရတဲ့ ဂါဇာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ WHO က ပြောပါတယ်။