အရီဇိုးနားပြည်နယ် ဂရန်းကန်ရွန် ရေကြီးမှုအတွင်း ပျောက်ဆုံးသွားတဲ့ အသက် (၃၃) နှစ်အရွယ် အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက တနင်္ဂနွေနေ့က ပြန်လည်ရှာဖွေ တွေ့ရှိထားပါတယ်။
အဲဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပျောက်သွားခဲ့တာဖြစ်ပြီး သူပျောက်သွားတဲ့နေရာကနေ မိုင်(၂၀) အကွာ ကော်လိုရာဒိုမြစ်တွင်းတစ်နေရာမှာ ရုပ်အလောင်းကို ပြန်လည်တွေ့ခဲ့ရတာပါ။
ရေကြီးရေလျှံမှုကြောင့် ဂရန်းကန်ရွန်ဒေသက ခရီးသွားတွေနဲ့ ဒေသခံမျိုးနွယ်စုတွေကို ပြည်နယ် အမျိုးသားအစောင့်တပ်က ရေဘေးလွတ်ရာ ကယ်ဆယ်ရွှေ့ပြောင်းမှုတွေကို စနေနေ့က လုပ်ပေးခဲ့ပါတယ်။

အဲဒီဒေသက ဟာဗာဆူးချောင်းဆုံ နေရာတစ်ဝိုက်မှာလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မြေပြင်၊ ဝေဟင်မှာ ကယ်ဆယ်ရေးယာဉ်တွေနဲ့ ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် အမျိုးသား ဘေးမဲ့တောများဌာနကနေ သတင်းထုတ်ပြန်ပါတယ်။
အဲဒီ ဟာဗာဆူး ချောင်းတစ်လျှောက်မှာ ဒေသခံမျိုးနွယ်စုတွေ နေထိုင်ကြတာဖြစ်တဲ့အတွက် မျိုးနွယ်စုခေါင်းဆောင် တွေက အရီဇိုးနားပြည်နယ်အစိုးရထံ ရေဘေး ကယ်ဆယ်ရေးအကူအညီတွေ ပေးဖို့လည်း တောင်းဆိုထားတယ် လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအတွက် ပြည်နယ်အစိုးရကနေ UH-60 ဘလက်(ခ်)ဟော့ ရဟတ်ယာဉ် အပါအဝင် နေရာရွှေ့ပြောင်းရေး အကူအညီတွေ၊ အမျိုးသား အစောင့်တပ်ဖွဲ့ တွေကို စေလွှတ်ထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။