ဂရင်းလန်းကျွန်းကို ဝယ်ယူရေး အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စိတ်ကူးကို အစပိုင်းမှာ အဆီအငေါ်မတည့်မှုအဖြစ် ချက်ချင်းပယ်ချခဲ့တဲ့ ဒိန်းမတ်အာဏာပိုင်တွေဟာ အခုအခါ အဲဒီအရေးကို အလေး အနက်ထား စဉ်းစားလာနေကြပါတယ်။

ထရမ့်က ဂရင်းလန်းကို ရယူရာမှာ စီးပွားရေးဖိအားပေးမှုအပြင် စစ်ရေး နည်းလမ်းကိုပါ သုံးစွဲရေး ဘေးဖယ်မထားဘူးလို့ ဖလော်ရီဒါပြည်နယ် မာအာလာဂို စံအိမ်မှာလုပ်တဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်မံပြောဆိုခဲ့ပါတယ်။ အဲဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ်တွေနဲ့ အကြံပေးပုဂ္ဂိုလ်တွေက ရွေးကောက်ခံသမ္မတဟာ အဲဒီကိစ္စကို တကယ် အလေးအနက်ထား နေကြောင်း သူတို့ကို သတိပေး ပြောဆိုခဲ့တယ်လို့ ဒိန်းမတ် အရာရှိ အများအပြားက CNN ကို အတည်ပြုလာ ပါတယ်။

ဒီကိစ္စအပေါ် လက်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်ကို သဘောထားမေးမြန်းတဲ့အခါမှာ သူက ဂရင်းလန်းစိတ်ကူးဟာ ကောင်းမွန်တဲ့ စိတ်ကူးမဟုတ်တာ ထင်ရှားကြောင်းနဲ့ တကယ်ဖြစ်လာနိုင်မှာ မဟုတ်ဘူးဆိုတာလည်း သိသာထင်ရှားနေတဲ့အတွက် အဲဒီအတွက် အချိန်ကုန်ခံ ပြောနေဖို့မသင့်ကြောင်း မှတ်ချက်ပြုပါတယ်။

ဒါပေမဲ့ ဒိန်းမတ်အရာရှိတွေက ဒီအယူအဆကို လက်မခံဘဲ ဂရင်းလန်းကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆွေးနွေးမှုတွေလုပ်ပြီး အမေရိကန်ရဲ့ လိုလားချက်တွေ ပြည့်မီအောင် ဘယ်လို ပူးပေါင်း ဆောင်ရွက် နိုင်မလဲဆိုတာကို နည်းလမ်းရှာဖို့ လိုမယ်လို့ CNN ကို ပြောထားကြပါတယ်။