ခရိုအေးရှားနိုင်ငံက သက်ကြီးစောင့်ရှောက်ရေးဂေဟာကို တနင်္လာနေ့မှာ သေနတ်သမားတစ်ယောက်က ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ သေနတ်သမားရဲ့ မိခင် အပါအဝင် လူ(၅)ယောက် သေပြီး (၆)ယောက် ဒဏ်ရာရခဲ့ တယ်လို့ ခရိုအေးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက တစ်ယောက်ကတော့ ဆေးရုံကို ရောက်ပြီးချိန်မှာ သေဆုံးသွားခဲ့တာပါ။ ဒဏ်ရာရခဲ့သူ (၆)ယောက်ထဲက လေးယောက်ဟာလည်း အသက် အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေအနေနဲ့ ပြောပြနိုင်တာမျိုး မရှိပါဘူး။ ခရိုအေးရှား မီဒီယာတွေမှာတော့ အဲဒီသေနတ်သမားဟာ (၁၉၇၃)ခုနှစ်က မွေးဖွားခဲ့သူ စစ်ပြန်တစ်ယောက် ဖြစ်တယ်လို့ ရေးသား ဖော်ပြကြပါတယ်။

သေဆုံးသူတွေထဲမှာ တစ်ယောက်ဟာ သက်ကြီးစောင့်ရှောက်ရေးဂေဟာ ဝန်ထမ်းဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေဘက်က ပြောပါတယ်။
သေနတ်သမားဟာ ပစ်ခတ်မှုအပြီး အခင်းဖြစ်ရာ နေရာကနေ ထွက်ပြေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ N1 သတင်းဌာနက ဖော်ပြပါတယ်။