အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် အမေရိကန် တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတယ်လို့ CNN သတင်းမှာ ကြာသပတေးနေ့က ဖော်ပြလာ ပါတယ်။ သမ္မတသစ် ထရမ့်ရဲ့ တင်းမာတဲ့ လူဝင်မှုကြီးကြပ်ရေး သဘောထားနဲ့ အရင် ပထမအကြိမ်သက်တမ်း ကလို ခရီးသွားလာခွင့်ပိတ်ပင်တဲ့ အမိန့်တွေ ထုတ်ပြန်လာနိုင်တာကြောင့် နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ သမ္မတသစ် ကျမ်းသစ္စာမကျိန်ဆိုခင် ကျောင်းကို အရောက်ပြန်လာကြဖို့ လမ်းညွှန်မှုတွေ ရှိနေပါတယ်။

ရွေးကောက်ခံ သမ္မတ ထရမ့်ဟာ သူ အိမ်ဖြူတော်ကို ပြန်ရောက်တဲ့နေ့မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းမာတဲ့ မူဝါဒတွေကို ချမှတ်မယ်လို့ ကတိပြုထားပါတယ်။ အဲဒီထဲမှာ အရင်သက်တမ်းတုန်းက မွတ်ဆလင်နိုင်ငံတွေက လူတွေကို ခရီးသွားလာခွင့်ပိတ်ပင်မှု ထပ်မံတိုးချဲ့ ချမှတ်ဖို့နဲ့ အမေရိကန်ဆန့်ကျင်ရေးနဲ့ ဆီးမိုက်ဆန့်ကျင်ရေး အမြင်ရှိတဲ့ နိုင်ငံခြားသားတွေရဲ့ ကျောင်းသား ဗီဇာကို ရုပ်သိမ်းဖို့ ဆိုတာတွေလည်း ပါဝင်နေပါတယ်။

အမေရိကန် မှာ ပညာသင်ကြားနေတဲ့ နိုင်ငံတကာ ကျောင်းသားတွေဟာ အမေရိကန်ပြည်မှာ ပညာသင်ကြားခွင့် ရရှိစေတဲ့ ရွှေ့ပြောင်းအခြေချမှုနဲ့ မသက်ဆိုင်တဲ့ ဗီဇာကို ရရှိထားကြပါတယ်။ ဒါပေမဲ့ အဲဒီဗီဇာအမျိုးအစားဟာ အမေရိကန် ပြည်မှာ အမြဲတမ်းနေထိုင်ခွင့်ရဖို့ ဥပဒေအရ ပံ့ပိုးနိုင်တဲ့ ဗီဇာမျိုး မဟုတ်ပါဘူး။