အခုဆောင်းဦးရာသီမှာ ဟဲလ်ဆင်ကီမြောက်ဘက် ကီလိုမီတာ ၇၀ အကွာက ဖင်လန်နိုင်ငံရဲ့ မြို့လေး ရီးဟီမာကီ က ကျောင်းသားတွေဟာ လက်ပ်တော့တွေအစား ကျောပိုးအိတ်အပြည့် စာအုပ်တွေသယ်ပိုးပြီး ကျောင်းကို သွား ကြပါတယ်။

မကြာသေးခင်အထိ ဖင်လန်ကျောင်းများစွာဟာ အသက် ၁၁ နှစ်ကစပြီး ကျောင်းသားအားလုံးကို လက်ပ်တော့တွေ အခမဲ့ ပေးခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါ တခြားနေရာတွေလိုပဲ ဖင်လန်မိဘဆရာတွေဟာ ကလေးတွေအပေါ် ဖန်သားပြင်တွေရဲ့ သက်ရောက်မှုအပေါ် ပိုမိုစိုးရိမ်လာကြပါတယ်။

ဒါကြောင့် ၂၀၁၈ ခုနှစ် ကတည်းက အလယ်တန်းကျောင်းတွေမှာ စာအုပ်အများစုကို မသုံးတော့တဲ့ ရီးဟီမာကီမြို့လေးမှာ အခုပညာသင် နှစ်အစမှာ စာအုပ်နဲ့ ဘောပင်ကို ပြန်သုံးနေတာ ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ် ကိရိယာတွေ အသုံးပြုတာနဲ့ ဖြစ်ပေါ်လာတဲ့ စဉ်ဆက်မပြတ် အာရုံထွေပြားမှုဟာ ကလေးများစွာကို မငြိမ်မသက်ဖြစ်စေပြီး အာရုံစူးစိုက်ဖို့ အလွန်နှေးကွေး စေပါတယ်။
ဖင်လန်ရဲ့ အစိုးရပညာရေးစနစ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက ရလဒ် ကောင်းတွေနဲ့ သင်ကြားနည်းစနစ်အသစ်တွေ စမ်းသုံးဖို့ အဆင်သင့်ဖြစ်တာကြောင့် ကမ္ဘာတစ်ဝန်းမှာ ကျော်ကြား ခဲ့ပါတယ်။
ဒါပေမဲ့ ကလေးတွေရဲ့ သင်ယူမှုရလဒ်တွေဟာ မကြာခင်နှစ်တွေအတွင်းက တဖြည်းဖြည်း ယိုယွင်း လာခဲ့ပြီး ကျောင်းချိန်အတွင်း ဖုန်းလို တကိုယ်ရေသုံးပစ္စည်းတွေသုံးတာကို တားမြစ်ဖို့ အစိုးရက ဥပဒေသစ် တစ်ရပ်ကို စီစဉ်ခဲ့ပြီး ကလေးတွေရဲ့ စခရင်ချိန်တွေ လျှော့ချပေးခဲ့ပါတယ်။
ဒစ်ဂျစ်တယ် အလွန်အကျွံ အသုံးပြု မှုဟာ မျက်စိပြဿနာလို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအန္တရာယ်တွေအပြင် ကလေးတွေမှာ ဦးနှောက်ကို အလုပ်အများကြီး လုပ်စေပြီး ဝန်ပိစေတယ်လို့ သိရပါတယ်။