ကျူးဘားကျန်းမာရေး အာဏာပိုင်တွေဟာ အိုရိုပိုချေး ဗိုင်းရပ်စ် ပျံ့ပွားမှုကို တိုက်ဖျက်ဖို့အတွက် သောကြာနေ့က အသေးစား ပိုးသတ်ဆေးဖျန်းတဲ့လုပ်ငန်းကို မြို့တော် ဟာဗားနားမှာ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ နွေရာသီရဲ့ ပူပြင်း မှုဒဏ်၊ လောင်စာဆီပြတ်လပ်မှုနဲ့ လမ်းဘေးအမှိုက်ပုံတွေကြောင့် ရောဂါနှိမ်နင်းရေး လုပ်ငန်းအောင်မြင်ရေးမှာ အတားအဆီးတွေ ရှိနေတယ်လို့ ဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရောဂါဖြစ်ပွားမှုကို စတင်တွေ့ရှိ တဲ့ ပြီးခဲ့တဲ့ မေလကစပြီး ကျူးဘားအရှေ့ပိုင်းမှာ ရောဂါကူးစက်ခံရသူ လူနာ(၅၀၀)ကျော် ရှိနေတယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။
ဆလော့(တ်)ဖီဗာ(Sloth Fever)လို့ သိကြတဲ့ အဲဒီဗိုင်းရပ်စ်ဟာ ခြင်နဲ့ ယင်ကောင် အကိုက်ခံရတာကြောင့် ကူးစက်တတ်ပြီး မြို့တော်ဟာဗားနား အပါအဝင် အဓိက မြို့ကြီးတွေဆီ အလျင်အမြန် ကူးစက်ပျံ့နှံ့ သွားခဲ့ပါတယ်။

ရောဂါကူးစက်ခံရတဲ့ လူနာတွေမှာ အသက်ဆုံးရှုံးနိုင်ခြေ နည်းပါးပေမဲ့ အဖျားဝင်တာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ အော့အန်တာ စတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။
ဒီအတွက် ဟာဗားနား မြို့တော်မှာ လုပ်တဲ့ ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းမှာ ဝန်ထမ်းတွေဟာ ပိုးသတ်ဆေးဘူးတွေနဲ့ မှောင်မည်းနေတဲ့ ချောင်တွေ၊ လမ်းကြားတွေမှာ ဆေးလိုက်ဖျန်းခဲ့ကြပါတယ်။
အမေရိကန်တာဝန်ရှိသူတွေကလည်း ကျူးဘားကို သွားရောက် လည်ပတ်ခဲ့တဲ့ အမေရိကန်နိုင်ငံသား (၂၁)ယောက်ဆီမှာ အိုရိုပိုချေး ဖြစ်ပွားမှု တွေ့ရှိရတယ်လို့ အခုအပတ် အစောပိုင်းမှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။