အာဂျင်တီးနားအာဏာပိုင်တွေဟာ ပါရာနာမြစ်တွင်းက ကုန်တင်သင်္ဘောတစ်စီးကို အမ်ပေါက်စ်ရောဂါ သံသယ ရှိမှုအတွက် အင်္ဂါနေ့က ကွာရန်တင်း ချမှတ်လိုက်ပါတယ်။

ကွာရန်တင်း ချမှတ်ခံလိုက်ရတဲ့ အဲဒီသင်္ဘောဟာ လိုက်ဘေးရီးယား အလံလွှင်တင်ထားတဲ့ သင်္ဘောဖြစ်ပြီး ဘရာဇီးနိုင်ငံ ဆန်တို့စ် ကနေ ကုန်စည်တင်ဆောင်ဖို့ အာဂျင်တီးနားကို ခုတ်မောင်းလာတဲ့ သင်္ဘောဖြစ်တယ်လို့ အာဂျင်တီးနား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါ တယ်။

အာဂျင်တီးနားနိုင်ငံ ရိုဆာရီယို ဆိပ်ကမ်းအနီးကို ရောက်ရှိနေတဲ့ အဲဒီသင်္ဘောပေါ်က အာဏာပိုင်တွေဟာ အိန္ဒိယနိုင်ငံသား သင်္ဘောဝန်ထမ်းတစ်ယောက်ရဲ့ မျက်နှာနဲ့ရင်ဘတ်မှာ အရေးပြားအဖုအပိမ့်တွေ ထွက်နေတာကို တွေ့ရှိကြောင်း အာဂျင်တီးနားအာဏာပိုင်တွေဆီ ဆက်သွယ် အကြောင်းကြား လာခဲ့တယ်လို့ အာဂျင်တီးနား ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီသင်္ဘောဝန်ထမ်းကို တခြားဝန်ထမ်းတွေနဲ့ သီးခြားခွဲထုတ် နေထိုင်ခိုင်းထားကြောင်းလည်း ဖြည့်စွက်ဖော်ပြထားပါတယ်။ အခုနှစ်အတွင်း တောင်အမေရိကား တိုက်တစ်လွှားက နိုင်ငံပေါင်း (၁၃)နိုင်ငံလောက်မှာ မျိုးကွဲဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ အမ်ပေါက်စ်ရောဂါ ဖြစ်ပွားမှု တွေ့ရှိရတယ်လို့ ပြောကြားထားကြောင်း WHO ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။