လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀)အတွင်း ကလေးသူငယ်အများအပြား အလွဲသုံးစားပြုကျင့်ခံရတဲ့အပေါ် ဝမ်းနည်းစိတ် မကောင်း ဖြစ်ရကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ခရစ္စတိုဖာ လူဇွန် က ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။

လွန်ခဲ့တဲ့ နှစ်(၇၀)အတွင်းက ကလေးငယ် နှစ်သိန်းလောက်ဟာ နယူးဇှီလန် အစိုးရနဲ့ ဘာသာရေးဆိုင်ရာ စောင့်ရှောက်ရေးစင်တာတွေမှာ အလွဲသုံးစား ပြုကျင့်ခံခဲ့ရတယ်လို့ အစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ် ကနေ ၂၀၁၉ ခုနှစ်အထိ ကာလတွေအတွင်း အဲဒီစောင့်ရှောက်ရေးစင်တာတွေမှာ ကလေးငယ် သုံးယောက်မှာ တစ်ယောက်ဟာ အလွဲသုံးစားပြုကျင့်မှု ပုံစံတစ်မျိုးမျိုးကို ကြုံတွေ့ခဲ့ကြရတယ်လို့ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
အဲဒီ အစီရင်ခံစာတွေ့ရှိချက်ကြောင့် နယူးဇီလန်အစိုးရဟာ ဒေါ်လာ ဘီလီယံ ချီတဲ့ လျော်ကြေးရလိုမှု တိုင်တန်းချက်တွေကို ကိုင်တွယ်ဖြေရှင်းရဖွယ် ရှိလာနေပြီး အဲဒီ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ တရားဝင် တောင်းပန်စာကို လာမဲ့ နိုဝင်ဘာလ (၁၂)ရက်နေ့မှာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။