ကမ္ဘာ့ပထမဆုံး CNG သဘာ၀ဓာတ်ငွေ့သုံး မော်တော်ဆိုင်ကယ်ကို အိန္ဒိယနိုင်ငံက လွန်ခဲ့တဲ့ သောကြာနေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

ဖရီးဒမ်း-၁၂၅ လို့ အမည်ပေးထားတဲ့ အဲဒီမော်တော်ဆိုင်ကယ်ကို အိန္ဒိယ အခြေစိုက် ဘာဂျ အော်တို လုပ်ငန်းက ဒီဇိုင်းဆင် ထုတ်လုပ်ထားတာဖြစ်ပြီးတော့ ပွန်းမြို့မှာ လုပ်တဲ့ အခမ်းအနားမှာ အဲဒီ ဆိုင်ကယ်ကို အိန္ဒိယ ပို့ဆောင်ရေးဝန်ကြီး ဂတ်ဒ်ကာသီက လူထုနဲ့ မိတ်ဆက်ပြသခဲ့တာပါ။

ဝန်ကြီး ဂတ်ဒ်ကာသီ က CNG ဟာ ဓာတ်ဆီ၊ ဒီဇယ်တို့ထက် စျေးသက်သာတဲ့အတွက် ဖရီးဒမ်း-၁၂၅ ဟာ စရိတ်စက သက်သာကြောင်း၊ သဘ၀ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျော့စေမှာဖြစ်သလို သွင်းကုန်ကိုလည်း လျော့ကျစေမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကျောက်မီးသွေးစွမ်းအင်သုံးစွဲမှု မြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အလျောက် အိန္ဒိယရဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာဟာလည်း ဆိုးရွားလာနေပါတယ်။
အဲဒီအတွက် ယာဉ်ယန္တရားတွေကနေ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ၊ လောင်စာဆီ သွင်းကုန် လျှော့ချရေးနဲ့ စွန့်ပစ်အမှိုက် တွေ မီးရှို့မှုကို တားဆီးကန့်သတ်ရေးလို ဆောင်ရွက်ချက်တွေ လုပ်ဆောင်နေပေမဲ့လည်း သဘာ၀ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချရေးမှာ ကြီးမားတဲ့ ရလဒ်တွေ ထွက်ပေါ်မလာဘဲ ရှိနေပါတယ်။