ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ချိတ်ဆက်ပေးမဲ့ ပေါင်းကူးတွေကို တည်ဆေက်ဖို့ တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် နှစ်(၇၀)ပြည့် အခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင်း ပင်က ပြောလိုက်ပါတယ်။ ပေကျင်းဟာ အိမ်နီးချင်းနိုင်ငံတွေ ၊ ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံတွေနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်မြေပိုင်ဆိုင်မှုအရေး အငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါ တယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဟာ လွန်ခဲ့တဲ့ နှစ်(၇၀)အတွင်းမှာ နိုင်ငံတကာ အရေးအခင်းတွေရဲ့ စမ်းသပ်မှုကို ကြံ့ကြံ့ခံဖြတ်ကျော်ခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ မူဝါဒအဖြစ် ပေါ်ထွန်းလာတဲ့ မူဝါဒဖြစ်တယ်လို့ ပြောပါ တယ်။ လူသားမျိုးနွယ်အားလုံးအတွက် တူညီအနာဂတ်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ကာ အဲဒီမူငါးချက်ကို ဆက်လက် သယ်ဆောင်သွားဖို့လည်း ရှီက တိုက်တွန်းနှိုးဆော်သွားခဲ့ပါတယ်။

ဒါ့အပြင် တရုတ် နိုင်ငံဟာ တခြားသူတွေကို လွှမ်းမိုးခြယ်လှယ်တဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း မြန်မာသမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဟောင်း နုန်ဒုမန်း တို့ရှိနေတဲ့ ဧည့်ပရိသတ်တွေကို ပြောကြားသွားခဲ့တာ တွေ့ရပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘ့ရွာကြီးထဲမှာ နိုင်ငံအားလုံး ဖွံ့ဖြိုးတိုးတက်ပြီး သာယာ၀ပြောရေးကို အားပေးပြီးတော့ တန်းတူညီမျှမှုရှိပြီး အစီအစဉ်ကျတဲ့ နိုင်ငံစုံအခြေပြုကမ္ဘာစနစ်တစ်ခုကို တည်ဆောက်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ Global South Cooperation အစီအစဉ်အောက်မှာ ကမ္ဘာ့တောင်ပိုင်း နိုင်ငံတွေအတွက် ပညာတော်သင် အစီအစဉ် ၁၀၀၀၀ နဲ့ လုပ်ငန်းခွင် လေ့ကျင့်ရေး အခွင့်အလမ်းပေါင်း (၁၀၀၀၀၀) ကျော်ကို ဖန်တီးပေးအပ်သွားမဲ့အစီအစဉ်ကိုလည်း ရှီကျင်းပင်က ကြေညာသွားခဲ့ပါတယ်။