အမေရိကန်ပြည်ထောင်စုမှာ ဒေါ်နယ်ထရမ့်သမ္မတအသစ်ဖြစ်လာခဲ့ပြီးနောက် အခွန်ကောက်ခံတာတွေကို ပြန်လည်လုပ်ဆောင်ခဲ့ရာ ကမ္ဘာ့နိုင်ငံတွေအကြား တင်းမာမှုအရှိန်တွေ မြင့်တက်နေပါတယ်။ ကုန်သွယ်ရေး တင်းမာမှုမြင့်တက်နေချိန်မှာ ဂျပန်နိုင်ငံက အမေရိကန်ကနေ တင်သွင်းလာတဲ့ဆန်ကို အခွန်(၇၀ဝ)ရာခိုင်နှုန်း အထိ ကောက်ခံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်က အမေရိကန်အစိုးရဟာ ကနေဒါကနေ တင်သွင်း လာတဲ့ အလူမီနီယံနဲ့သံမဏိတွေကို အခွန်ကောက်ခံမှာဖြစ်သလို ဂျပန်၊ ဥရောပသမဂ္ဂနဲ့အိန္ဒိယတွေက တင်သွင်း လာတဲ့ သံမဏိနဲ့အလူမီနီယံတွေကိုလည်း အခွန်ကောက်ခံသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်ရဲ့အခွန်ကောက်ခံမှုကို တုံ့ပြန်ဖို့အတွက် ဂျပန်နိုင်ငံဟာ အမေရိကန်က တင်သွင်းလာတဲ့ ဆန်၊ အမဲသားနဲ့ နို့ထွက်ပစ္စည်းတွေကို အခွန်ကောက်ခံဖို့ စီစဉ်နေတာပါ။ အဲဒီအပေါ် ဒေါ်နယ်ထရမ့်က အပြန်အလှန် အနေနဲ့တုံ့ပြန်သွားမယ်လို့ ယုံကြည်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အမေရိကန်မှာရှိတဲ့ စီးပွားရေးသမားတွေနဲ့ အလုပ်သမားတွေရဲ့ အကျိုးစီးပွားအတွက် ပစ်မှတ် ထားကာ အခွန်ကောက်ခံတာပါ။ အဆုံးသတ်တစ်နေ့မှာတော့ ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်လို့ ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်ပြီး မျှတမယ်လို့ ပြောကြားထားတာတွေလည်း ရှိနေပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကန်က တင်သွင်းတဲ့ဆန်တွေကို အခွန်(၇၀ဝ)ရာခိုင်နှုန်း ကောက်ခံဖို့ စီစဉ်မှု တွေအတွက် ဂျပန်က အသေးစိတ်ပြောဆိုထားတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရဟာ တရုတ်နဲ့ ကနေဒါ နိုင်ငံတွေကိုလည်း အခွန်ကောက်ခံခဲ့ရာ တရုတ်နဲ့ ကနေဒါနိုင်ငံတွေကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က တင်သွင်းလာတဲ့ ကုန်စည်တွေကို ပြန်လည်အခွန်ကောက်ဖို့ စီစဉ်ခဲ့ပါသေးတယ်။