ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်မှာ အစိုးရရဲ့ အခွန်တိုးမြှင့်မဲ့အစီအစဉ်ကို ပါလီမန်အမတ်တွေက အတည်ပြုလိုက် တဲ့နောက် အဲဒီအစီအစဉ်ကို ကန့်ကွက်ဆန္ဒဖော်ထုတ်သူတွေက ပါလီမန်ကို အင်္ဂါနေ့က ဝင်ရောက်စီးနင်းလိုက်ကြပါတယ်။
လွှတ်တော်ပြင်ပမှာ ရဲတပ်ဖွဲ့က လွှတ်တော်ကို ဝင်စီးဖို့ ကြိုးစားတဲ့ လူအုပ်ကို ပစ်ခတ်ခဲ့ရာမှာ ဆန္ဒဖော် ထုတ်သူ အနည်းဆုံး (၅)ယောက်သေဆုံးပြီး လူ(၅၀)လောက် ဒဏ်ရာရခဲ့ပါတယ်။
ပါလီမန်အဆောက်အဦရဲ့ နေရာအများအပြားဟာလည်း မီးတင်ရှို့ခံရလို့ မီးလောင်ခဲ့ပါတယ်။
ပါလီမန်ခန်းမထဲထိ ဝင်ရောက်စီးနင်းခဲ့ကြတဲ့ ဆန္ဒဖော်ထုတ်သူတွေက ကင်ညာ သမ္မတ ဝီလီယမ် ရူတိုကို ရာထူးက ဆင်းပေးဖို့ ကြွေးကြော်တောင်းဆိုနေတာ ကို ရိုက်တာက ရရှိထားတဲ့ ဗီဒီယိုမှာ အခုလို တွေ့ရပါတယ်။
သမ္မတ ရူတိုရဲ့ အခွန်တိုးကောက်မဲ့ အစီအစဉ်ကို ဆန့်ကျင်တဲ့ လူငယ်လှုပ်ရှားမှုတစ်ခု အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားတဲ့နောက် ဆန္ဒဖော်ထုတ်မှုတွေဟာ မွန်ဘာဆာနဲ့ ကီဆူမူ စတဲ့ မြို့ကြီးတွေဆီ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။
ဆန္ဒဖော်ထုတ်သူတွေက ရူတို ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြပြီး ရူတိုဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲနိုင်ပြီးနောက်ပိုင်းမှာ သူ့ရဲ့ ကတိဖြစ်တဲ့ ဆင်းရဲသား အလုပ်သမားတွေအကျိုး ရှေးရှုရေး ကတိအပေါ် သစ္စာဖောက်လိုက်တယ်လို့လည်း ဆန္ဒဖော်ထုတ်သူတွေက ဝေဖန်နေကြပါတယ်။
ရူတို အစိုးရကတော့ အခွန်တိုးကောက်မဲ့ အစီအစဉ်ဟာ ဘတ်ဂျတ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့၊ ကြွေးမြီဆပ်နိင်ဖို့ နဲ့ အစိုးရယန္တရား ဆက်လည်ပတ်နိုင်ဖို့ရည်ရွယ်ပြီး လုပ်ရတာလို့ ပြောထားပါတယ်။