ကင်ညာအစိုးရရဲ့ အခွန်တိုးကောက်မဲ့အစီအစဉ်ကို ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ မြို့ကြီးတချို့မှာ ဖြစ်ပေါ်နေရာ အင်္ဂါနေ့က ညဲရီမြို့မှာ လုယက်မှုအချို့ ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံမီဒီယာတစ်ခုက တင်ပြတဲ့ မြင်ကွင်းတွေမှာ လူအုပ်တစ်အုပ်ဟာ ပျက်စီးသွားတဲ့ အဆောက်အဦတစ်ခုထဲ ဝင်ရောက်ပြီး မွေ့ရာတွေနဲ့ တခြားပစ္စည်းတွေကို ယူငင်နေတာကို တွေ့ရပါတယ်။
မြို့တော် နိုင်ရိုဘီမှာလည်း ရဲတပ်ဖွဲ့က ကင်ညာပါလီမန်ကို ဝင်စီးဖို့ ကြိုးစားတဲ့ လူအုပ်ကို သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ လုပ်ရာမှာ အနည်းဆုံး လူ(၅)ယောက်သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ ပါတယ်။
ပါလီမန်အဆောက်အဦလည်း မီးတင်ရှို့ခံရလို့ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ကင်ညာနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါက ပေးတဲ့ စီးပွားရေး ဒဏ်ရာဒဏ်ချက်တွေ ၊ ယူကရိန်းစစ်ပွဲ ၊ နှစ်နှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုဒဏ် နဲ့ ငွေတန်ဖိုးကျဆင်းမှု စတာတွေကြောင့် ပေါ်ပေါက်လာတဲ့ စီးပွားရေးကျဆင်းမှုကို ဖြေရှင်းဖို့ ကြိုးစားရုန်းကန်နေ ရပါတယ်။
အခု အစိုးရရဲ့ အခွန်တိုးမြှင့်ရေး အစီအစဉ်ဟာ နှစ်စဉ် ဘဏ္ဍာငွေရရှိမှုရဲ့ ၃၇ % ကို ကုန်ဆုံးစေတဲ့ အတိုးနှုန်း အပါအဝင် ကြွေးမြီဝန်ထုပ်လျှော့ချနိုင်ရေးအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ရှာဖွေနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။