ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့လမ်းညွှန်မှုနဲ့ ရန်ကုန်မြို့တွင်းက ခရီးသွားလာမှု အများဆုံးနေရာတွေမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စတစ်ကာကပ်တာတွေနဲ့ လက်ကမ်း စာစောင်ဖြန့်ဝေတဲ့ ကမ်ပိန်းကို ဇူလိုင် ၁၁ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
ဒီကမ်ပိန်းကို ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေဖြစ်တဲ့ နေရာ ၈ ခုမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဦးလျန်ကျင့်မန် က ပြောပါတယ်။

ကြိုတင်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်မှာ လက်ကိုစင်ကြယ်စွာ ဆေးဖို့၊ ယင်လုံအိမ်သာတွေ ရာနှုန်းပြည့်သုံးစွဲဖို့၊ သန့်ရှင်းရေးဂရုပြုဆောင်ရွက်ဖို့၊ ရေကိုကျိုချက်သောက်ဖို့၊ အစားအစာတွေကို ယင်မနား အောင်ဆောင်ရွက်ဖို့နဲ့ အသားငါးတွေကိုလည်း ကျက်အောင်ချက်ပြုတ်ဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းဖို့ စတဲ့ အသိ ပညာပေးအကြောင်းအရာတွေကို ရေးသားဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျန်းမာရေးအသိပညာပေး စတစ်ကာ ၇ ထောင်ကိုလည်း YBS ယာဉ်တွေရဲ့ ထင်သာမြင်သာရှိတဲ့ နေရာတွေမှာ ကပ်ထားပေးတယ်လို့ သိရပါတယ်။