မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း၊ ၃၃ လမ်း နဲ့ ၃၄ လမ်းကြားက Bar အဆောက်အအုံတစ်ခုမှာ မေ ၂၈ ရက်၊ မနက် ၉ နာရီခွဲကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး လေးယောက် သေဆုံးခဲ့တယ်လို့ မန္တ လေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

မီးလောင်မှုကို မိနစ် ၂၀ ကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ခဲ့တဲ့ Bar ဟာ ငလျင်ဒဏ်သင့်ထားတဲ့ အဆောက်အအုံ ဖြစ်ကာ ပြန်လည်ပြင်ဆင်မှုတွေ ဆောင်ရွက်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ ရှာဖွေတွက်ချက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မီးလောင်မှုကြောင့် အမျိုးသမီး လေးယောက် သေဆုံးခဲ့ရပြီး သေဆုံးသူတွေဟာ ဆိုင်ဝန်ထမ်းတွေ ဖြစ်နိုင်တယ်လို့ လည်း အခင်းဖြစ်ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၂၂ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဆီဆုံရပ်ကွက်က နှစ်ထပ်တိုက် အိမ်တစ်အိမ်မှာ ရေခဲသေတ္တာ ဆေ့ဖ်ဂတ် အပူလွန်ရာကနေ မီးလောင်ခဲ့ပြီး သက်ကြီးပိုင်း အမျိုးသမီးကြီး လေးယောက် သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။