ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားနေတာကြောင့် မြို့နယ်ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ခြင်လောက်လမ်းတွေ နှိမ်နင်းဖို့ အဘိတ်ဆေး ခတ်တာ၊ ခြင်ဆေးမှုတ်တာနဲ့ ကျန်းမာရေးအသိပညာပေးတာ စတဲ့ လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေတယ် လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၅)ရပ်ကွက်ရှိ ယုယကျန်းမာရေးကူညီမှု ပရဟိတအသင်းဥက္ကဋ္ဌ ဦးညီညီနိုင်က ပြောပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်ပွားသူတွေထဲမှာ အများစုက ကလေးတွေဖြစ်ပြီး အသက်(၂၀)ဝန်းကျင်အရွယ် လူငယ်အချို့ လည်း ဖြစ်ပွားတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အထူးစီမံချက်ကို ဇူလိုင် ၂၁ ရက် ကစပြီး ၃၀ ရက်အထိ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များနေတဲ့ မြို့နယ်တွေမှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနကနေ သိရပါတယ်။ အခုနှစ်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူဟာ ဇူလိုင်၂၁ ရက် အထိ ၁၂ ယောက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက တာဝန်ရှိသူ တစ်ယောက်က ပြောကြားထားပါတယ်။