မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ မန္တလေးမြို့က Sky Villa အဆောက်အဦကို ယန္တရားတွေနဲ့ ရှာဖွေရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေရာမှာ မေလ ၇ ရက် မနက်ပိုင်းက အမျိုးသမီး(၁)ယောက်ရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ပြီး ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဟာ ရုပ်အလောင်းကျန်ရှိနေတဲ့ မန္တလေးမြို့ရဲ့ Sky Villa အဆောက်အဦ(B)အဆောင်၊ (C) အဆောင်နဲ့ (D)အဆောင်တွေကို ရှာဖွေရှင်းလင်းတာနဲ့ ရုပ်အလောင်းထုတ်ယူနေတာတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။အဲဒီလိုဆောင်ရွက်ရာမှာ မေလ ၇ ရက် မနက် ၉ နာရီ ၂၅ မိနစ်အချိန်လောက်က Sky Villa အဆောက်အဦ (B) အဆောင်ရဲ့ အခန်းအမှတ် I-9 ကနေ အမျိုးသမီး (၁)ယောက်ရဲ့ ရုပ်အလောင်းကို ရှာဖွေ ထုတ်ယူနိုင်တာလို့ ဆိုပါတယ်။

ဒါ့အပြင် မေလ ၆ ရက်ကလည်း (B)အဆောင် အခန်းအမှတ် (I-9)ကပဲ ငွေသား ကျပ် သိန်းရှစ်ရာကျော်၊ ရွှေ တစ်ပိဿာကျော်အပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းတွေကို တွေ့ရှိခဲ့ပြီး ပိုင်ရှင်ကိုယ်စား မိသားစုဝင် တစ်ယောက် ထံကို ပြန်လည်အပ်နှံပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။