မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာရှိတဲ့ နေရာ(၃)ခုမှာ ကြိုးပြင်ကာကွယ်တော(၃)ခု သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေသိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၄၁၀ ဧက ရှိတဲ့နယ်မြေကို “ရွှေဆံတော်ကြိုးပြင်ကာကွယ်တော” အဖြစ် စက်တင်ဘာလ (၆) ရက်နေ့က သတ်မှတ်လိုက်တယ်လို့ဆိုပါတယ်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ၊ ဟုမ္မလင်းမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ဧက ၁၄၀၀၀ ရှိတဲ့ နယ်မြေကို “နန်းစဖိ ကြိုးပြင်ကာကွယ်တော” နဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၁၄၅၃၄ ဧကရှိတဲ့နယ်မြေကို “မံလွဲယံကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြစ်၊ ချောင်း၊ အင်း၊ အိုင်စတဲ့ ရေအရင်းအမြစ်နဲ့ ရေဝေရေလဲဒေသတွေထိန်းသိမ်းဖို့၊ ဂေဟစနစ်တည်ငြိမ်မှုရှိစေဖို့၊ ဒေသခံပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ သစ်တောထွက်ပစ္စည်းတွေဖြည့်ဆည်းပေးနိုင်ဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေထိန်းသိမ်းနိုင်ဖို့နဲ့ ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကို အထောက်အကူပြုစေဖို့ရည်ရွယ်ကာ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေကို ဖွဲ့စည်းသတ်မှတ်တာဖြစ်တယ်လို့ဆိုပါတယ်။