ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာမှာ စာရင်းစစ်၊ စာရင်းကောက် လေးသောင်းနှစ်ထောင်လောက်နဲ့ ကောက်ယူဆောင်ရွက်သွားမယ်လို့ ဗဟိုသန်းခေါင်းစာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကပြောပါတယ်။
ဩဂုတ် ၂၁ ရက်က နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှာကျင်းပတဲ့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြားဉာဏ်စမ်းပဟေဠိပြိုင်ပွဲမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်မှာရှိတဲ့ ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နဲ့ အိမ်ထောင်စု ၁၃ သန်း လောက်ကို အခြေခံတွက်ချက်ကောက်ယူမှာဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူဖို့ သန်းခေါင်စာရင်းရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန် သတ်မှတ်ထားတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းကောက်ကွက်ပေါင်း ၁ သိန်း ၁ သောင်းလောက်ရှိမှာဖြစ်တယ်လို့ဆိုပါတယ်။ အခု သန်းခေါင်စာရင်းကို နည်းပညာအသုံးပြုပြီး Mobile Tablet တွေနဲ့ကောက်ယူကာ ရုံးချုပ်ကို Online စနစ်နဲ့ပေးပို့ဆောင်ရွက်မှာဖြစ်တဲ့အတွက် ရှေ့ပြေးလူဦးရေစာရင်းကို အချိန်တိုအတွင်းသိရှိနိုင်မှာဖြစ်သလို မကြာမီကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ အဓိကကျတဲ့ မှန်ကန်တဲ့ မဲစာရင်းပြုစုနိုင်ရေးအတွက် အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကပြောကြားခဲ့ပါတယ်။